နိုးထလာသောနွေဦး
ပုရစ်ဖူးသစ်များ တန်းစီလျက်
သရဖီဝင်းဝင်း
အင်ကြင်းနီနီ
ပန်းမျိုးစုံ စံရရီတို့
သိင်္ဂီအဆင်း မြအဆင်းနှင့်
နွေညီလာ ခင်းကျင်းလေပြီ …။
ရိုးတံတွေ ခြောက်သယောင်း
ရွက်ဟောင်းတွေ ကြွေကျ
ဖရိုဖရဲ မလှမပနဲ့
နွေအလှ အထီးကျန်
အကျည်းတန် ရာသီပေလော။
နွေမှာ ရုန်းရင်းဆန်ခတ်
တရစပ်ပင် မရပ်မနား
အသစ်နဲ့ အဟောင်းတိုက်ပွဲများ
ရွက်သစ်တွေ ဖူးဝင့်ပလို့ လူးလွန့်နိုးကြားလာသလော ….။
အော်သံအရိုင်း
မုန်တိုင်းသံမစဲ
နွေပြတင်းမှန်ရိုက်ခွဲ
သဲသဲရုတ်ရုတ်
အုတ်အုတ်ကျက်ကျက်
ဘယ်သူ့ဘက်က အသံပါလိမ့် ………..။
တခဲနက်အသံ
ဟိန်းဟိန်းညံလာပြီ။
နွေဦးငှက်နဲ့ အိပ်စက်ပျော်နေသူတို့
ထလော့ ……….တီးမှုတ်ကြလော့။
ရွက်ကြွေများ သန့်ရှင်းပြီ။
ဟင်းလင်းပြင် ကြည်လင်ပြီ။
နိုးထခြင်းနဲ့ အတူ
ဇမ္ဗူကျွန်းလုံး အကုန်
ခရာသံစုံ မှုတ်ကြလော့ ……….. …………။
တင်မိုး
No comments:
Post a Comment