Friday, July 25, 2008

"သူ့ မပြောနဲ့ သူ အဖေ တောင် မရဘူး"





ကျွန်တော် ၏ မိတ် ဆွေကြီး သည် ဓါတ်ပုံ ရိုက် ၀ါသနာထုံလေ သူဖြစ်ရသောခါ ရိုက်ထားသမျှ ဆိုင်သို့သွားထုတ် လေသည်။အန်တီ စု ပုံ တစ်ပုံ ပါလေရာဒီပုံ လေးပါ ထုတ်ပေးပါဟုပြောလေ၏။
ထို အခါ ဆိုင် ရှင် ကပြန် ပြောလေသည် မှာ " သူ့မပြောနဲ့ သူ့ အဖေတောင်မရဘူး" ဟုဆိုလေ ရာ ကျွန်တော် ၏ မိတ် ဆွေကြီး လည်း ဒီလိုမျိုး ဆိုလျှင် မေးမြန်းချင် သော ဗီဇ ရှိသူ ဖြစ်ရခြင်း ဌာ ဘာလို့လဲ လာတားထားသလား မေးလေတော့သည် ။ လာတော့ မတားဘူဗျာ ဗိုလ်ချုပ် ပုံ ဆိုင်မှာချိတ်ထား တာတော့ ဖြုတ်ခိုင်းတယ်။

မှေးမှိန်အောင်လုပ်ပုံ များ................

သိထားဖို့တော့ရှိသဗျ ပတ္တမြား မှန်ရင် နွံမနစ်ဘူး..............


ညီစေနော်

Thursday, July 24, 2008

ခေတ်ပြောင်းချင်သူများသို့


ကျွန်တော့်ဆရာတစ်ယောက်ဖြစ်တဲ့ (ကွယ်လွန်သူ) ဆရာလင်းယုန်မောင်မောင် ရေးခဲ့တဲ့ အတ္ထုပ္ပုတ္တိစာအုပ်တွေထဲမှာ “ချေဂွေဗားရား“ အတ္ထုပ္ပုတ္တိဟာ လွန်ခဲ့တဲ့နှစ် ၃၀ကျော်က လူငယ်တွေရဲ့လက်စွဲစာအုပ်တစ်အုပ်လို့ပြောရလောက်အောင် စွမ်းပကားကြီးမားခဲ့တယ်။ အကြောင်းအရာကလည်းကောင်း၊ ဆရာလင်းယုန်မောင်မောင်ရဲ့ အရေးအသားကလည်း ကောင်းလေတော့အတိုင်းထက်အလွန်ကောင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်ခဲ့သပေါ့။ သို့ပေမယ့် အခု ကျွန်တော်တို့နဲ့နီးစပ်တဲ့ လူငယ်တစ်ချို့ကို ကျွန်တော့်ဆီမှာရှိတဲ့ ချေဂွေဗားရားစာအုပ်ကို ပေးဖတ်ကြည့်တော့ ၁၀ ယောက်မှာ ၁ ယောက် စိတ်ဝင်စားတာမတွေ့ရဘူး။
မကြာသေးခင်ကတော့ လူငယ်တစ်ချို့ချေဂွေဗားရား ရုပ်ပုံကြီးနဲ့တီရှပ်တွေဝတ်ကြတာတွေ့လိုက်ရလို့ ကျွန်တော် အရမ်းအံ့သြသွားတယ်။ ကျူးဘားတော်လှန်ရေးမှာ ကက်စထရိုနဲ့လက်တွဲခဲ့တဲ့ ပြောက်ကျားပါရဂူ ချေဂွေဗားရား၊ တော်လှန်ရေးသမားဖြစ်ချင်သူ လူငယ်တွေ အဖို့ စံပြဟီးရိုးဖြစ်ခဲ့တဲ့ ချေဂွေဗားရား၊ ဘိုလီးဗီးယားမှာ သူကျဆုံးခဲ့တာ နှစ် ၄၀ ပြည့်တော့မယ်။ ခုထိ သူ့ကိုမမေ့ကြသေးပါလားလို့ တွေးမိခဲ့။
ကျွန်တော်နေတဲ့လမ်းထဲက တူအရွယ်သားအရွယ်လူငယ်ကလေးတွေကို မေးကြည့်တော့မှ နဖူးကို လက်ဝါးနဲ့ ရိုက်မိတော့တယ်။ အဲဒီရုပ်ပုံဟာနာမည်တော့မသိဘူးတဲ့။အမေရိကန်အဆိုတော် တစ်ယောက်ပဲတဲ့ဗျာ။ “သေဟဲ့ နန္ဒိယ“ လို့ မပြောချင်တော့ဘူး။ ဆရာလင်းယုန်မောင်မောင်သာကြားရင် နှစ်ခါပြန်သေချင်သွားမယ်။
တော်သေးတာပေါ့။ ကျွန်တော့်ရဲ့စာအုပ်လည်း မထွက်ဖြစ်ခဲ့ပေလို့။ကျွန်တော်ကဆရာလင်းယုန်မောင်မောင်စာအုပ်ရဲ့ နောက်ဆက်တွဲအဖြစ် “ချေဂွေဗားရားပဲ့တင်သံ သို့မဟုတ် ပြောက်ကျားတစ္ဆေ“ ဆိုတဲ့ စာမူကြီးတစ်ခု ၁၉၇၈ လောက်က ရေးပြီးခဲ့တယ်။ ချေဂွေဗားရားကျဆုံးပြီး ၁၀ နှစ်အတွင်း သူ့ရဲ့ပဲ့တင်သံတွေကို စုဆောင်းပြီးရေးခဲ့တာပါ။ အမေရိကန်တက္ကသိုလ်တွေမှာ ချေဂွေဗားရားရုပ်ပုံတံဆိပ်နဲ့ တီရှပ်တွေဝတ်ကြတာ၊ ရင်ထိုးတွေထိုးကြတာ၊ သီရိလင်္ကာမှာ ချေဂွေဗားရားသူပုန်ဆိုပြီး သူပုန်ကြီးပေါ်ခဲ့တာ စသည်ဖြင့် အများကြီးပါတယ်။ဒါတင်မက ချေဂွေဗားရားရဲ့ ပြောက်ကျားစစ်ဗျူဟာကို မော်စီတုန်းရဲ့ပြောက်ကျားစစ်၊ ဗီယက်နမ်က ဗိုလ်ချုပ်ကြီးငုယင်ဇပ်ရဲ့ ပြောက်ကျားစစ်တို့နဲ့ နှိုင်းယှဉ်သုံးသပ်ချက်တွေလည်းပါတယ်။ ခုထိစာအုပ်ဖြစ်မလာသေးဘူး။ လက်နှိပ်စက်မူဘ၀မှာပဲ ရှိသေးတယ်။
အခုပြောချင်တာက အဲဒီကျွန်တော့်စာမူထဲမှာ ချေဂွေဗားရား ကျူးဘားကထွက်ခွာပြီးဘိုလီးဗီးယားနိုင်ငံ တောကြီးတောင်ကြီး တွေထဲခိုလှုံကာ တော်လှန်ရေးသွားလုပ်တော့ အစိုးရတပ်ကထိုးစစ်ဆင်ချိန်မှာ ပြေးကြ ပုန်းကြရတဲ့အကြောင်းတွေ ပါတယ်။ ချေဂွေဗားရားရဲ့ ဒိုင်ယာရီတစ်နေရာမှာ ဘယ်လိုပါသလဲဆိုတော့ သူတို့ပြေးရင်းလွှားရင်း တောခေါင်ခေါင် ကျေးရွာတစ်ရွာနားမှာ ဆိတ်ကျောင်းနေတဲ့ မိန်းမကြီးတစ်ချို့နဲ့တွေ့တယ်။ ချေဂွေဗားရားကသူတို့ဟာတော်လှန်ရေးသမားတွေ ဖြစ်တဲ့အကြောင်း၊ ခင်ဗျားတို့တွေအတွက် တိုက်ပွဲဝင် နေတာဖြစ်ကြောင်းပြောတယ်။ ကျေးတောသူမိန်းမကြီးတွေက ဘာမှနားမလည်ဘူး။ သူတို့
အတွက်တော်လှန်ရေးလုပ်နေတယ်ဆိုတာကိုလည်း ဘာတွေလာပြောနေမှန်း မသိဘူးတဲ့။သူတို့ရဲ့ဘ၀တွေ ဘယ်လောက်နိမ့်ကျနေတယ်၊ ဘာကြောင့်ဒီလိုဖြစ်နေရတာဆိုတာလည်းမသိဘူး။ သူတို့အတွက်အသက်စွန့်ပြီး တော်လှန်ရေးလုပ်နေပါတယ်ဆိုသူတွေကိုကြောက်လန့်
နေတယ်။ အေးအေးဆေးဆေး တို့ဘ၀နဲ့တို့ပဲ နေစမ်းပါရစေ။ နင်တို့လာလုပ်နေလို့ အစိုးရတပ်ကနှိပ်စက်ရင် တို့ပဲခံရတာဆိုတဲ့ စကားမျိုးတွေပြောတယ်။ ချေဂွေဗားရား အရမ်း စိတ်ပျက် သွားတယ်။ သူ့ဒိုင်ယာရီမှာတောင် ထည့်ရေးထားတဲ့အထိ စိတ်ပျက်သွားလေရဲ့။

အဲဒီအကြောင်းတွေကို ကျွန်တော်ဘာသာပြန်ခဲ့ဖူးတယ်။ အဲဒီကတည်းက ကျွန်တော်အများကြီးတွေးခဲ့ဖူးတယ်။ “ခေတ်ကြီးကို အတင်းပြောင်းမယ်“ လို့ ကြွေးကြော်ပြီး “ဆယ်သန်းဂျာနယ်“၊ “ဆယ်သန်းသတင်းစာ“ တို့ကိုထုတ်ဝေခဲ့တဲ့ ဆရာဦးအောင်မြင် (မြို့မမောင်) ဟာခေတ်ပြောင်းဖို့ဆိုရင် လူတွေကို အရင်ဆုံး မျက်စိဖွင့်နားဖွင့် ပေးရမယ်ဆိုတာ အသိစောခဲ့ ပါလားလို့ သဘောပေါက်ပြီး သတင်းစာဆရာကြီး ဆရာဦးအောင်မြင်ကို ဦးညွတ်မိပါတယ်။

မောင်ဝံသ
စံပယ်ဖြူမဂ္ဂဇင်း၊ အမှတ်(၂)၊ဧပြီ၊ ၂၀၀၇

Tuesday, July 22, 2008

သခင်ကိုယ်တော်မှိုင်း၊ (သို့မဟုတ်) ငြိမ်းချမ်းရေး ပိသုကာ






( ၁ )

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို အမျိုးသားကဗျာဆရာကြီးအဖြစ် စာပေမှစတင်သိသော်လည်း ငြိမ်းချမ်း ရေးပိသုကာ ဆရာကြီးအဖြစ်နှင့် ချစ်ကျွမ်းခင်မင်ရခြင်းဖြစ်ပေသည်။

ဒေါင်းဋ္ဋီကာ၊ မျောက်ဋ္ဋီကာ၊ စသော စာအုပ်များကို ကျောင်းနေစဉ်က ဖတ်ခဲ့ရ၍ သွက်လက်သော ကာရန် ဖြင့် စကားရွှန်းရွှန်း၊ ဇ၀နဥာဏ်ရွှင်ရွှင် ရေးသားသည့် ဆရာကြီး၏ ဟန်တို့၌ စွဲငြိခဲ့၏။

မစ္စတာမောင်မှိုင်း မှာတော်ပုံ ၀တ္ထု၌ ကိုပေါ ညည်းပုံကို…

`တမယားသေလျှင် တမယားနေစမြဲပေမဲ့၊ စံလျားအခြေ နှစ်ပါးဂဟေမြဲမယ့်သူရဲ့၊ (အမယ်မင်း) မယားအ နေရဲရမလားတဲ့လို့၊ အလကား အမေကမဲမဲပြီး (ခင်အုံရယ်) အဖွားအေက ဆဲမှာက တမှုပါ၊´ စသော လူ့ သဘာဝသရုပ်ကို လေးချိုးကြီးဖြင့် ခပ်ရွှင်ရွှင် ရေးသားခဲ့၏။

လူချင်း စတင်ဆုံတွေ့ဖူးသည်ကား စစ်မဖြစ်မှီခေတ် တက္ကသိုလ်သမဂ္ဂ၌ ၀ါဒဖြန့်ချိရေးမှူးအဖြစ်ဆောင်ရွက် ခဲ့စဉ်ကဖြစ်ပေ၏။ အမျိုးသားနေ့၌ ညဘက်တွင် တရားပွဲများချပေးရာ တက္ကသိုလ်သမဂ္ဂတွင် ဆရာကြီး ဟောပြောပြီးနောက် မြေနီကုန်းတွင် ဆက်စရာရှိသဖြင့် ကျွန်တော်ပင် လိုက်ပို့ပေးရ၏။

ဆရာကြီးမှာ ထုံးခြောက်ရောင် ခပ်ဖျော့ဖျော့ပုဝါကို လျော့တိလျော့ရဲ ရစ်ပတ်ထားသည်။ ဆရာကြီးသည် ဘယ်တော့မှ မပေါင်း၊ လက်နှင့် ကဗျာကရာ ရစ်ပတ်လိုက်သည်သာ ဖြစ်၏။

ငွေရောင်ကဲ့သို့ ဖြူဖွေးသော ဆံစများမှာ ထုံးခြောက်ရောင်ထက်မှ သွယ်ရရယ်ကျနေ၏။ နှုတ်ခမ်းမွေးဖြူဖြူ မှာဇရာ၏ အမှတ်အသားဖြစ်သော်လည်း ပြုံးကြည်ရွှင်ပြသော မျက်လုံးအကြည့်မှာ ခိုင်မာလေးနက်ခြင်း အရောင်ဖြင့် တောက်ပနေသည်။ စကားပြောလိုက်သောအခါ ခေတ်မှီသောသဘောများကို ကြားရလိမ့် မည်။ လူငယ်ကဲ့သို့ တက်ကြွပျိုလွင်ခြင်းကို တွေ့ရှိရလိမ့်မည်။

ကားပေါ်တွင် ဗဟန်းကောလိပ်ခေတ်ကို တတွတ်တွတ်ပြောပြရာ နားထောင်၍ကောင်းလှ၏။ ထိုအခါက ကျွန်တော်တို့မှာ မွေးစသာရှိသေး၏။ ဆရာကြီး၏ ရှေးဖြစ်ဟောင်းကို ပြန်ပြောနေသည်မှာ အားရစရာ ကောင်းလှသည်။

တချက်တချက် ကွမ်းသွေးထွေးလိုက်ပြီးနောက်စကားကိုဆက်ပြန်၏။

`ဒီတုန်းကဆိုတာ ဆရာ့စိတ်ထဲမှာ တခါထဲ လူမျိုးခြားအနှောင်အဖွဲ့ကလွတ်ပြီး ကိုယ့်မင်းကိုယ်ချင်း ဘ၀ကို သာ ရောက်တော့မလို စိတ်မာန်က တက်နေတုန်းပေါ့…´

ကျွန်တော်က ၁၉၂၀ သပိတ်အရေးတော်ပုံမှ ပေါက်ဖွားလူးလွန့်လာသော အမျိုးသားကောလိပ်ကြီးကို စိတ်ကူးနှင့် မှန်းကြည့်နေခဲ့ရ၏။ အမ်-အေ မောင်ကြီးတို့ အကြောင်းရောက်ကာ အမျိုးသားကောလိပ်ကြီး ပျက်ရပုံကို ပြေပြနေပြန်၏။

`ဒို့လွတ်လပ်ရေးဟာ မင်းတို့လူငယ် ကျောင်းသားတွေ လက်ထဲမှာရှိတယ်။ မောင်အောင်ဆန်းဟာလဲ လူ တော်ကလေးကွဲ့´ ဟုကျွန်တော်တို့ဘက်သို့ လှည့်ကာ ပြောနေသည်။

မော်တော်ကားသည် မြေနီကုန်း အ၀ိုင်းကြီးကို ပတ်လိုက်လေပြီ။

ဓာတ်မီးတိုင်မှ အလင်းရောင်များကြောင့် ဆရာကြီး၏ မျက်နှာမှာလင်းနေသည်။ ဆရာကြီး၏ မျက်လုံးတို့မှာ အသက်အရွယ်ကြောင့် မီးခိုးရောင်ရှိသော်လည်း အကြည့်၌ကား ထက်မြက်လျက်ပင်ရှိသေး၏။ ပင်နီအပေါ် ဖုံး အဖြူထက်မှ ကွမ်းရိုးစင်း ပန်းရောင်နုလုံချည် စသော ဗမာဆန်သောအသွေးမှာ ဆရာကြီး၏ဟန်ပန်နှင့် ပဏ္ဏာရနေ၏။ ယခုခေတ်တွင် နိုင်ငံခြားအငွေ့အသက်မပါ၊ ဗမာဆန်ဆန် အမျိုးသားကြီးတဦးကို ပြပါဆို လျှင် ဆရာကြီးကို ပြရပေမည်။

စကားပြောရာ၌ လက်ညှိုးကိုထောင်ကာ ခေါင်းကိုငဲ့လျက် ဖြေးညင်းညင်သာစွာ ပြောသည်။ အသံမှာ သိမ် မွေ့သည်။ လူငယ်များကို ရင်းနှီးချစ်ခင်စွာဆက်ဆံသည်။ ဟာသရွှင်ရွှင်နှင့် ဝေဖန်ပြောလေ့ရှိသည်။ ဆရာ ကြီးပြောလျှင် ကျွန်တော်တို့မှာ အမြဲ ရယ်မောကာ နေကြရသည်။

သူ၏ လေးချိုးကဗျာကဲ့သို့ အမြီးအမောက် မတည့်သော လူနေမှုစနစ်၊ မမှန်ကန်သော လူ့သဘာဝတို့ကို ဟာသဖြင့် ပြက်ရယ် ပြုတတ်သည်။

မြေနီကုန်း တရားပွဲလုပ်နေရာ၌ ကားသည်ရပ်လိုက်သည်။ လက်ဦးပြောသူများကား ပြောလျက်ပင်ရှိသည်။ ထိုညတွင် ဆရာကြီးသည် တရား(၃) ပွဲ (၃) နေရာ၌ ဟောရမည်ဖြစ်သည်။

ဆရာကြီးသည် ကားပေါ်မှဆင်းပြီး `အေး အေး ကြိုးစားကြကွယ်။ မကြာခင် လွတ်လပ်ရမှာပေါ့´ ဟုဆိုကာ ခေါင်းတငြိမ့်ငြိမ့်နှင့် နှုတ်ဆက်ကာ ထွက်သွားသည်။

ဓာတ်ခွက်မှ ဒေါမာန်ပါပါနှင့်ပြောနေသော အမျိုးသားနေ့လူထုတရားပွဲ ပရိသတ်ကြီးထဲသို့ တိုးဝင်သွား သော ဆရာကြီးကို လှမ်းမြင် လိုက်ရသည်။

ထုံးခြောက်ရောင် လျော့ရဲရဲ ပ၀ါ၊ ပင်နီ၊ ပန်းနုနှင့် အ.. ကွမ်းရိုးစင်း၊ နှုတ်ခမ်းမွေးဖြူဖြူ၊ ကိုယ်နေ မတ်မတ် ဖိုင့်ဖိုင့်၊ ဤသဏ္ဌာန်မှာ ပဌမဦးဆုံး တွေ့ဖူးသော ဆရာကြီး၏ ရုပ်သွင်ဖြစ်ပေသည်။

ကျွန်တော့မှာ လူထုကြီးထဲသို့ တိုးဝင်သွားသော ဆရာကြီးအား အမျိုးသား လွတ်လပ်ရေး၏ အမှတ်တံဆိပ် အဖြစ် ရင်တွင်း၌ စွဲလမ်း မှတ်သား ထားခဲ့ပေသည်။

( ၂ )

ဂျပန်ခေတ်၌ ရွှေတောင်ကြားတွင် ဆရာကြီးနှင့် နီးကပ်စွာ တွေ့ဆုံရပြန်သည်။

ထိုအခါက ဆရာကြီးမှာ ရွှေတောင်ကြားလမ်းနှင့် ချင်းချောင်းရိပ်သာ လမ်းဒေါင့်ရှိ ကုန်းမြင့်ပေါ်ထက် ထင်း ရူးပင်များနှင့်တိုက်ဝယ် နေထိုင်လျက်ရှိသည်။ ကျွန်တော်မှာ တအိမ်ကြားရှိ ဗိုလ်ဇေယျနှင့်အတူ နေခိုက်ဖြစ် သည်။ ဆရာကြီးထံသို့ ဒို့ဗမာအစည်းအရုံးဥက္ကဋ္ဌ သခင်တင်မောင် (ယခု ကွယ်လွန်ပြီ) နှင့် သွားတတ်ကြ သည်။ သခင်တင်မောင်မှာ ကျွန်တော့်ကို မကြာခဏ လာခေါ်လေ့ရှိသည်။

ဆရာကြီးမှာ အမျိုးသားနေ့တရားပွဲတုန်းက ရုပ်သွင်ကဲ့သို့ပင် ခပ်ရွှင်ရွှင်အမူအယာနှင့်။ ပင်နီရှပ်အင်္ကျီအဖြူ ခံပေါ်မှအနက်ကွက် ပလေကပ်လုံချည်နှင့် တွေ့ရတတ်သည်။ ပင်နီရှပ်မှာ ရင်ခွဲဖြစ်၍ လုံချည်အပြင် ထုတ် ၀တ်ထားသည်။ လမ်းလျှောက်သည့်အခါ လက်တဘက်က လုံချည်ကိုခပ်ဆတ်ဆတ် ကြွ၍ကြွ၍ သွားလေ့ ရှိသည်။

လဘက်ကို တွင်တွင်စားသည်။ နှမ်းဆီဖြင့် ရွှဲနေသောလဘက်ခွက်ကို တိုးပေးကာ `စားကွ´ ဟု ကျွန်တော် တို့ဘက်သို့ လှည့်ပြောလေ့ရှိသည်။

လဘက်ခွက်ထဲရှိ ဆီထဲ၌ကား ပုဇွန်ခြောက်နှင့် ကြက်သွန်ကြော်တို့မှာ နန်းချင်းဖြစ်ပေ၏။ ဧည့်သည်များ ကား ဥဒဟို ၀င်ထွက်သွားလာလျက် ရှိကြသည်။ အများအားဖြင့် တပည့်တပန်းများ ဖြစ်ကုန်သော သခင် များ ဖြစ်ပေကြသည်။

ဆရာကြီးသည် နိုင်ငံရေးနှင့်ပတ်သက်၍ ပြောဆိုသည့်အခါ ဘယ်သူ့ကိုမှမညှာ။ ရှင်းရှင်းဘွင်းဘွင်းပင် ပြောသည်။ စောစောပိုင်းကပင် ဂျပန်ဆန့်ကျင်ရေးသမားဖြစ်ကာ သခင်အောင်ဆန်းတို့အား `မင်းတို့ပင့် လာတဲ့ဘုရား နှင်ချလို့မရဘူးလား´ဟု ပြောင်ပြောလေသည်။ တနေ့လုံး နိုင်ငံရေးစကား ပြောလေသည်။

နိုင်ငံရေးစကား ပြောလျှင် မောပန်းသည်မရှိ။ ထမင်းစား လာခေါ်မှ ထစားသည်။

တခါတရံ ဂျပန်သတင်းစာ ဆရာများ ပေါက်လာတတ်၏။ ထိုအခါမျိုးတွင် သခင်တင်မောင်က စကားပြန် လုပ်ရ၏။

ဂျပန်များရှေ့တွင်ပင် ဗမာများသည် ရာဇ၀င်အစဉ်အလာအရ ဘယ်သူ့ကျွန်အဖြစ်မှမခံဘဲ နေလာခဲ့ပုံများကို အခြေခံကာ အမျိုးသားဇာတိမာန်ကို ဖေါ်လေ့ရှိ၏။ ဂျပန်များကား လေးလေးစားစားပင် နားထောင်နေကြရ ၏။

ဆရာကြီးသည် ဗုံးရန်ကိုလည်း အမှုမထားတတ်။

တည၊ သခင်တင်မောင်က အတင်းဆွဲထားသဖြင့် ဆရာကြီး၏ အိမ်တွင် အိပ်ရပေသည်။ လေယျာဉ်ပျံလာ၍ အောက်ထပ်သို့ ဆင်းကာ ခြံထောင့်ရှိ ဗုံးကျင်းထဲ ပြေးဆင်းကြ၏။ ဆရာကြီးမှာ ဘယ်သူခေါ်၍မှ မရဘဲ စိတ်ပုတီးကိုင်ကာ လသာသာ၌ ခြံထဲရှိ လမ်းကလေးတွင် လမ်းလျှောက် မပျက်၊ ပုတီးစိပ် မပျက်….။

ဗုံးကား တဝေါဝေါ ကြဲချလျက်ရှိရာ သမီးဖြစ်သူ ဆရာယော(ဇေယျ)၏ ဇနီးက

`ဖေဖေ.. လူရိပ်မြင်မယ်။ ဖေဖေက ကိစ္စမရှိဘူး။ ဂျပန်တွေက တမျိုးထင်နေအုံးမယ်။ အိမ်ထဲဝင်နေပါ´ ဟု စိုးရိမ်ကြီးစွာလှမ်းပြောလိုက်မှ `ဟင်´ ဟုတချက်ဆိုကာ မှောင်ရိပ်ရှိသောတံခါးဝ၌ အသာ ကပ်လိုက်လေ သည်။

ကျွန်တော်နှင့် သခင်တင်မောင်မှာ ဥသြ အရှည်ဆွဲလိုက်မှ ဗုံးကျင်းထဲမှထွက်လာကြသည်။ ဆရာကြီးကား သူ့အခန်းထဲ၌ အေးဆေးစွာပင်ထိုင်နေကာ `အင်း … ဘယ်နေရာတွေများ ချပြန်ပလဲမသိဘူး။ သတ္တ၀ါတွေ သေကြကျေကြအုံးတော့မှာပဲ။ စစ်ကြီးပြီးမှ ဖြစ်မယ်ဟေ့´ဟု တည်ငြိမ်စွာ ပြောနေလေသည်။

( ၃ )

သည့်နောက်၌ကား ဆရာကြီးနှင့် တော်တော်ကြာ မဆုံတွေ့ဘဲ နေခဲ့ကြသည်။ အမှန်အားဖြင့် ဆရာကြီးမှာ ကျွန်တော့ကို ဖြတ်ကနဲ ဖြတ်ကနဲုသာတွေ့လိုက်ရ၍ မှတ်မှတ်ရရ ရှိချင်မှလည်းရှိပေမည်။ နိုင်ငံရေးသမား များနှင့်သာ အတူတွေ့သည်ဖြစ်၍ နိုင်ငံရေး နယ်ပယ်ထဲကဟုသာ သာမန်မှတ်ထင်မည်ဖြစ်၏။ စာအ ကြောင်း ပေအကြောင်းလည်း တခါမျှ မယ်မယ်ရရ မဆွေးနွေးဖူးဖြစ်။

၁၉၅၀ ခုက၊ ကျွန်တော် စာရေးဆရာအသင်း ဥက္ကဋ္ဌဖြစ်စဉ်က စာဆိုတော်နေ့ လူထုအစည်းအဝေး၌ ဆရာ ကြီးနှင့် စကားပြောလိုက်ရပြီး နောက် တရုတ်ပြည်သွားကြတော့မှ လက်ပွန်းတတီးနေခွင့်ရကာ ခင်မင် ရင်းနှီးလာလေ၏။

ထိုအခါကား သခင်ကိုယ်တော်မှိုင်းမှာ ငြိမ်းချမ်းရေးပိသုကာဆရာကြီး ဖြစ်နေပေပြီ။

လေးကန်ဖင့်နွဲခြင်း မရှိ။ လူငယ်များထက်ပင် ဖျတ်လတ်တက်ကြွနေသည်ကို အံ့သြစွာတွေ့ရ၏။ တရုတ် ပြည်တွင် လည်စရာကြည့်စရာ အစီအစဉ်များရှိရာ ဘယ်အစီအစဉ်မှ မလိုက်ဟူ၍ ချန်နေရစ်သည်မရှိ။ `ဆရာကြီး ပန်းနေမယ်။ နေချင် နေရစ်ခဲ့ပါလား´ ဟု အလိုက်တသိ ပြောသည့်အခါ လက်ကာလိုက်ကာ `လိုက် တာပေါ့။ ကိစ္စမရှိပါဘူး။ ဆရာလိုက်နိုင်ပါတယ်´ ဟုပြောကာ ပန်းရောင်ပ၀ါကို အသာခွေပတ်လိုက် သည်။

ဟန်ချောင်၌ ဥယျာဉ်ကြီးတခုသို့ သွားလည်ရာ တောင်ပေါ်သို့တက်သည့်နေရာ တနေရာရှိ၏။ တချို့ မိန်းမ ကိုယ်စားလှယ်တော်များမှာ တောင်အောက်ရှိ သစ်ပင်အောက်၌ အပန်းဖြေရင်း နေရစ်ခဲ့ကြ၏။ ဆရာကြီးမှာ မမောမပန်း တက်လိုက်သွား၍ တရုတ်ရဲဘော်များမှာ အံ့သြနေကြရသည်။

`လိုက်တာပေါ့ကွ´ဟု အစီအစဉ်တိုင်းကို လွယ်လွယ်ကူကူပင် လက်ခံသည်။ ကျွန်တော်တို့မှာ အသက် (၇၆) နှစ် အရွယ်နှင့် သည်လောက် ဖျတ်လတ်ပျိုလွင် နေခြင်းရှိသည်ကို အံ့သြနေကြရသည်။

ခရီးလမ်း တလျှောက်လုံးလည်း ဆရာကြီးကြောင့် စိုပြေနေခဲ့သည်။

ကောလုံမှ ဟောင်ကောင်ဘက်သို့အကူး ကူးတို့ဆိပ်တွင် ကူးတို့ကြေးထုတ်ပေးသည်ကို မြင်ရသောအခါ `ဂိတ်ကြေးလားကွ´ ဟု ဆရာကြီးကပြော၍ ကျွန်တော်တို့မှာ မရယ်ဘဲမနေနိုင်ကြ။ မော်စီတုန်း၏ ဧည့်ခံပွဲ တွင်လည်း လက်၌ပတ်ထားသော ပုတီးကိုကဗျာကရာဖြုတ်ကာ အိတ်ထဲထည့်ပြီး `သခင်နုနဲ့ မှားနေပါအုံး မယ်ကွာ´ ဟု ပြောရာ ကျနော်တို့မှာ ရယ်မောနေရပေ၏။

ဆရာကြီးသည် ကွမ်းနှင့်လဘက်ကိုကား ကြိုက်သည်။ တရုတ်ပြည်သွားသောအခါ ကွမ်းရွက်များ ယူသွား သည်။ တရုတ်သံရုံးမှ ဂရုတစိုက် ထည့်ပေးလိုက်သည်။ သို့သော် (၁၀) ရက်ခန့်အကြာ ပီကင်းကအထွက် ထိအောင်ကားမခံတော့။ နွမ်းခြောက်ကုန်ပေပြီ။ ဆရာကြီးမှာ ညည်းညူသည်မရှိဘဲ ကွမ်းသီးကိုဝါး၍နေ၏။

စကားပြောလျှင် ကွမ်းစားမပျက် ပြောလေ့ရှိ၏။

အစားအသောက်၌ ဇီစာမကြောင်။ အအေးကို မခံနိုင်မရှိ။ မြောက်ပိုင်း မုကဒင်ဘက်သို့ ရောက်ရာ အတော် အေးနေ၍ `ဆရာကြီး အေးသလား´ ဟုမေးလျှင် `မအေးပါဘူး´ ဟု ဖြေလေ့ရှိ၏။

သခင်ဘဦးက ဆရာကြီးအတွက်စိုးရိမ်၍ အခန်းပြင်သို့မထွက်ဘဲနေစေရာ သခင်ဘဦးကွယ်ရာတွင် `သခင် ဘဦးလုပ်တာနဲ့ ဆရာ့မလဲ လူမမာကြီးကျနေတာဘဲ ဆရာဘာမှ မဖြစ်ပါဘူး´ ဟု ကျွန်တော်တို့အားပြော၏။ တကယ်လည်း ဆရာကြီးမှာ ဘာမှမဖြစ်။

စိတ်ဓာတ်ကလည်း ထက်သန်လှ၏။

ပီကင်းတွင် ရောက်ရှိနေသော ဗမာကိုယ်စားလှယ်တော်များထဲတွင် ဆရာကြီး မှာအသက်အကြီးဆုံးဖြစ်၍ အားလုံးက ဆရာကြီးကို ကိုင်းရှိုင်းလေးစားကြသည်။ အံ့လည်း အံ့သြကြသည်။ လူကြီးချင်းဖြစ်သော ဘူလ် ဂေးရီးယားမှ အသက် (၆၀) ခန့် ဆံပင်ဖြူဖြူနှင့် ကဗျာဆရာကြီးနှင့်ကား အလွမ်းသင့်နေ၏။ နှစ်ယောက် သားတွေ့လျှင် ဖက်လဲတကင်း နေကြ၏။

ဆရာကြီးမှာ အသက်အရွယ် ကြီးပြီဆို၍ ထူထူထဲထဲ မဟုတ်။ စူးရှ၏။ သိမြင်တတ်၏။ အင်မတန်လည်း ပါးသည်။

တခါက ကျွန်တော့်အား နိုင်ငံရေးသမား ပုဂ္ဂိုလ်နှစ်ဦးနှင့် ပတ်သက်၍

`ဟေ့ တာရာ၊ သူတို့က ဆရာ့ကို အာဏာရရင်ပေါ့လေ၊ သမတမြှောက်ရမယ် ဘာမယ်နဲ့ လာပြောတယ်ကွ။ ဆရာ့ကို အထင်သေးတာ။ ဆရာက ဘာလာဘ်လာဘ၊ ဘာရာထူး ဋ္ဌာနန္တရမှမျှော်ကိုးပြီး ခုလိုနိုင်ငံရေး လုပ်နေတာမဟုတ်ဘူး။ ဒို့ဗမာပြည်ကြီး ကောင်းစားတာ မြင်ချင်တဲ့ စေတနာနဲ့ သွားလာလုပ်ကိုင်နေတာ။ ရာထူးနဲ့မျှားလို့ ရတယ်များ အောင်းမေ့နေသလားမသိဘူး´ ဟု ကွမ်းဝါးရင်းက ရယ်ကာပြောနေ၏။ ကျွန် တော်က `ဆရာကြီးကိုကြည်ညိုတဲ့ စေတနာနဲ့လည်း ပြောတာပါဆရာကြီးရယ်´ ဟု ပြန်ပြောသောအခါ `ဆရာက ဒီလောက် မအပါဘူး။ လူထုက တင်မြှောက်မှ ရတာ´ဟု ပြောနေ၏။

အမှန်အားဖြင့် ဆရာကြီးမှာ နိုင်ငံချစ်စိတ်သက်သက်နှင့် ရိုးသားဖြူစင်စွာ သွားလာလုပ်ကိုင်နေခြင်း ဖြစ်၏။ ထို့ကြောင့်လည်း တတိုင်းပြည်လုံးက ကြည်ညို ချစ်ခင်ကြပေသည်။

( ၄ )

ငြိမ်းချမ်းရေး ပိသုကာ ဆရာကြီးအဖြစ်ကား မြင့်မြတ်လေသည်။ လူအများ၏ ကောင်းကျိုးချမ်းသာမှုကို ရှေ့ရှုသည်။ ယနေ့ ဖြစ်ပျက်နေသော ပြည်တွင်းစစ်ကို ရပ်စဲစေချင်သော ဆန္ဒရှိသည်။ တဘက်နှင့်တဘက် အတိုက်အခိုက် ရပ်ကာ အမျိုးသား အချင်းချင်း စည်းလုံးစွာ ရှိကြဖို့ စေတနာမှာ ပြင်းပြသည်။

`ဆရာ့ သဘောကတော့ အားလုံး ညီညီညွတ်ညွတ်ဖြစ်တာသာ မြင်ချင်တာပါပဲကွာ။ တယောက်နဲ့ တ ယောက် သီးညီးခံပြီးစေ့စပ်ရင်တော့ အောင်မြင်မှာပဲလို့ ဆရာယုံကြည်နေတာပဲ´ဟု ဆရာကြီးသည် မနှစ် တနှစ်ကတည်းက ပြောနေခဲ့၏။

ဆရာကြီးစေတနာကို ကျွန်တော်တို့ အကြွင်းမဲ့လည်း ယုံကြည်လေးစားသည်။ ထို့ကြောင့်လည်း ၁၉၅၂ ခု၊ မေလကကျင်းပခဲ့သော နိုင်ငံလုံးဆိုင်ရာငြိမ်းချမ်းရေးညီလာခံကြီး၌ နိုင်ငံလုံးဆိုင်ရာကော်မတီကို ရွေးသော အခါ ဥက္ကဋ္ဌအဖြစ် ဆရာကြီးကို တင်မြှောက်ရန် မရရအောင် တိုက်တွန်းကြိုးပမ်းခဲ့ကြ၏။

အသက်အရွယ်ကြီးပြီ၊ ဘာပြီစသည်ဖြင့် တချို့ကစဉ်းစားကြရာ၌ `ဒီနေရာဟာ ဆရာကြီးနဲ့ အသင့်လျော် ဆုံးပဲ။ ဘယ်ပါတီ သံယောဇဉ်မှလည်းမရှိ။ တပြည်လုံးက ကြည်ညိုတဲ့ပုဂ္ဂိုလ်၊ စေတနာကလည်း အင်မတန် မှဖြူစင်တယ်´ဟု ဆရာကြီးကိုပင် အားလုံး၏သဘောတူချက်ဖြင့် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြလေသည်။

ယနေ့ပြည်တွင်းစစ်ကြီး၌ တဘက်နှင့်တဘက် တိုက်ခိုက်နေသူများမှာ ဒို့ဗမာအစည်းအရုံး၊ ကျောင်းသား သမဂ္ဂများ၌ အတူလုပ်လာခဲ့ကြသော ရဲဘော်ရဲဘက်များဖြစ်၍ ဆရာကြီး၏ တပည့်တပန်းများ ဖြစ်ကြ သည်။

ဤတပည့်များ ညီညွတ်စည်းလုံးစွာ ရှိစေချင်သောစေတနာနှင့် တပြည်လုံးလူအများ အေးချမ်းစွာ ဖြစ်စေ ချင်သော အာသီသတို့ ဖြင့်ထားရှိသော ငြိမ်းချမ်းရေး သဘောထားမှာ ဆရာကြီး၏ ပြည်တွင်းညီညွတ်ရေး ယုံကြည်ချက်ပင် ဖြစ်သည်။

`ချိုးတို့၊ ခါတို့၊ ဇရက်တို့ဆိုတဲ့ ကျေးငှက် ကလေးများတောင် သူ့အသိုက်နဲ့သူ အေးချမ်းစွာနေချင်ကြတယ်။ အခြားတိရိစ္ဆာန်များက ကျူးကျော်တာကို မခံချင်ကြဘူး။ လူသားတွေမှာ ဘယ်မှာပြောစရာ ရှိပါ့မလဲ။ နယ်ချဲ့ခြင်းကို ဆရာတို့က မကြိုက်ဘူး´ဟု ပီကင်းမြို့ အပြည်ပြည်မှ ပြည်သူ့ကိုယ်စားလှယ်များ၏ ထမင်း စားပွဲ၌ ပြောကြားသောအခါ ကျွန်တော်တို့စားပွဲရှိ ဟန်ဂေရီမှစာရေးဆရာများမှာ ဆရာကြီး၏ ကမ္ဘာ့ ငြိမ်းချမ်းရေး စကားရပ်များကို နှစ်သက်အားရခြင်း ဖြစ်ရသည်။

ကျွန်တော်နှင့် အေးအေးဆေးဆေး ကြုံတိုင်း `ဟေ့ တာရာရ … အာဏာ လက်ရှိသူတွေရော၊ တောထဲက လူတွေရောဟာ ဆရာ့တပည့်တွေပဲကွ။ သန်းထွန်းဆိုတာ အင်မတန် အလုပ်လုပ်တဲ့အကောင်။ သခင်နုဆို တာလဲ ပုတီးနဲ့နေတာပဲ။ အားလုံး တလုံးတစည်းထဲရှိရင် တို့ပြည်ဟာ သိပ်ကောင်းမှာပဲ´ ဟုပြောလေ့ရှိ သည်။

အာရှငြိမ်းချမ်းရေး ညီလာခံကိစ္စနှင့် ပီကင်းရောက်သည့်အခါ သံအမတ်ဦးလှမောင်ကိုသာ တမေးထဲမေးနေ သည်။ `လှမောင်ဟာ ဆရာ့တပည့်ပဲကွ´ ဟု တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌဖြစ်ခဲ့သူ ကိုလှမောင်အား ခင်မင်ရင်းစွဲ ရှိလေသည်။

`ငြိမ်းချမ်းရေးဆိုတာ လူတိုင်းကြိုက်ရမယ်ကွ။ အားလုံးပါဝင်နိုင်ရမယ်´ ပြောလေသည်။ ဆရာကြီး၏ ကျယ် ပြန့်စွာထားရှိသည့် ငြိမ်းချမ်းရေး သဘောထားမှာ မှန်ကန်လှပေသည်။

ဆရာကြီးနှင့် ကျွန်တော်တို့မှာ တသဘောတည်း ဖြစ်ကြသည်။

အစည်းအဝေး သဘာပတိလုပ်စရာ၊ တရားဟောစရာ စသော အသင်းအဖွဲ့ရေးရာနှင့်ပါတ်သက်၍ ငြင်းဆန် သည်မရှိ။ သွားခေါ်လျင် ခေါင်းပေါင်းကလေး အသာရစ်ကာ လိုက်ပါလာ၏။ အများအကျိုးဟုဆိုလျင် ပင် ပန်းသည်မရှိ။ ဘယ်တော့မှ မညည်းညူ။

အာရှနှင့်ပစိဖိတ် ငြိမ်းချမ်းရေးညီလာခံကြီးအတွက် ဒုတိယအကြိမ်ပီကင်းသို့ သွားရမည်ရှိသောအခါ ရှော ရှောရှူရှူပင် ထလိုက်လာခဲ့၏။

နမော်နမဲ့ နေသည်မဟုတ်။ အခြေအနေကို အမြဲတမ်း လေ့လာအကဲခတ်လေ့ရှိသည်။ ဆရာကြီး မသိဟူ၍ ထင်ထား၍မဖြစ်။ ပါးလည်းပါး၍ သိတတ်မြင်တတ်သည်။ မကြာခဏ ကျွန်တော့်ကိုခေါ်ကာ မေးမြန်းတိုင် ပင်လေ့ရှိသည်။

`ဆရာ့စေတနာက အားလုံးကောင်းဖို့၊ အေးချမ်းဖို့လုပ်နေတာ။ ကမ္ဘာကြီး ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒအမြဲရှိ တယ်။ တပါတီ၊ တဖွဲ့ကောင်းစားဖို့၊ ဘယ်သူတွေဝန်ကြီးဖြစ်ဖို့ လုပ်နေတာမဟုတ်ဘူး တာရာရ´ဟု ကွမ်းဝါး ရင်း ပိုးခန်းဆီးပါးကလေးအကြား မြင်ရသောနောက်တွင် တရိပ်ရိပ် ဖြတ်သန်းကျန်ရစ်ခဲ့သည့် တရုတ်ပြည် ဂန္ဓာရတောရွာ ကျေးလက်များကို ငေးကာပြောတတ်လေသည်။

ဆရာကြီးသည် မည်သူ၏ သြဇာမှမခံဘဲ ကင်းကင်းရှင်းရှင်း၊ ရိုးရိုးသန့်သန့်ဆောင်ရွက်သော နိုင်ငံရေးကို လုပ်သည်။ ကျွန်တော့်ကိုလည်း `ဟေ့ ...တာရာ ကျွန်ဝယ်ရာ အဆစ်မပါစေနဲ့ ´ဟု သတိပေးလေ့ရှိ၏။

ဆရာကြီးမှာ ဘယ်အဖွဲ့စည်းမှာဖြစ်ဖြစ် ရိုးသားစွာ လုပ်ကိုင်ဆောင်ရွက်ခြင်းကို အမြဲလိုလားသည်။

ဆရာကြီးသည် ဤ ဖြူစင်သန့်ရှင်းသော စေတနာကြောင့်ပင် အေးသည့်ရာသီတွင် တိုင်းတပါးရပ်ခြားသို့ သွားခြင်း၊ အစည်းအဝေး များ၊ တရားပွဲများသို့ စိတ်အားထက်သန်စွာ တက်ခြင်းဖြစ်ပေ၏။

ဆရာကြီး၏ အမူအယာမှာ အိုမင်းရင့်ရော်ခြင်း၊ နွမ်းနယ်ခြင်းတို့ မရှိဘဲ လန်းလန်းရွှင်ရွှင်၊ ဖျတ်လတ်မြန် ဆန်နေသည်မှာ သူ၏ ပြင်းပြသော စိတ်မာန်ကြောင့် ဖြစ်ပေသည်။

( ၅ )

ပီကင်းရောက်သည့်ညက ဧည့်ခံပွဲတခုရှိရာ ဆရာကြီးသည် ပင်နီရင်ဖုံး၊ ရွှေဖလားရောင်တွင် ပန်းဖျော့သွေး အစင်းကြီးများဖြင့် စင်းထားသော တောင်ရှည်ပုဆိုးနှင့် ၀တ်ထားသည်ကို မြင်ရရာ မြင့်မားထွားခိုင်သော ကိုယ်ဟန် အသွေးအမွေးနှင့် ကြည့်ကောင်းနေသည်။ ဗမာပြီပြီ ခံ့ခံ့ညားညားနှင့် ကြက်သရေရှိသော ရုပ်သွင်ဖြစ်သည်။

ကျွန်တော်နှင့် သခင်လွင်က `ဆရာကြီးက ဖိုးစိန်ကြီးကြနေတာပဲ´ဟု ပြောလိုက်သောအခါ ဆရာကြီးသည် ခါးပုံစကို သိမ်းရင်း `အေး…အေး´ ဟု ရယ်မောနေသည်။ ရယ်ပုံမှာ စိတ်ကြည်လန်းစရာ ကောင်းနေသည်။

အသားအရောင်မှာ ၀ါညံ့ညံ့၊ ဖြူဖွေးသော ငွေရောင်နှုတ်ခမ်းမွေးမှာ အသက်အရွယ်ကို ပြသည်မှန်သော် လည်း ရင့်ကျက်ကြည်လင်သော ဣနြေ္ဒကို လေးနက်အောင် ဖြည့်စွမ်းလျက်ရှိပေသည်။ ပညာရှိ က၀ိတို့၏ ဟန်ပန်ပေါ်နေ၏။

ငြိမ်းချမ်းရေး လုပ်ငန်းကြီးကို အစိုးရ၏ အတိုက်အခံသဘော ဘယ်တော့မှ မထားရှိခဲ့ပေ။

ချီလီကဗျာဆရာကြီး နီရူဒါဇနီးမောင်နှံဆိုလျှင် ဆရာကြီးကို များစွာလေးစားကြသည်။ နိုင်ငံခြား ကိုယ်စား လှယ်များမှာ ဆရာကြီး၏ တည်ငြိမ်ကြည်လင်သော ရုပ်သွင်ကိုကြည့်ကာ ချစ်ခင်လေးမြတ်ခြင်း ရှိကြသည်။ ကဗျာဆရာကြီးဟု ပြောပြသောအခါ `ဆရာကြီး၏ ကဗျာတပုဒ်လောက် ရွတ်ပြပါ´ ဟု တောင်းပန်တတ် ကြသည်။

ဆရာကြီးနှင့် ခရီးသွားရသည်မှာ လူကြီးတဦးနှင့် သွားရသည်နှင့်မတူ ရွယ်တူလူငယ်များနှင့် သွားရသလို ပျော်စရာကောင်းသည်။

ဆရာကြီး၏ ဟာသကြောင့် ရယ်မောကာပင် နေရလေ၏။

နိုင်ငံရေး အတွေ့အကြုံများသူဖြစ်၍ ၀ံသာနုခေတ်မှ ဖဆပလခေတ်အထိ အဖြစ်အပျက် ဇာတ်ကြောင်း များကို ပြောပြသည်ကို နားထောင်ရသည်မှာ အသိအမြင် တိုးပွားမှတ်သားလောက်ပါပေ၏။ အအိပ်အနေ၌ ဇီစာမကြောင်။ ပူသည်၊ အေးသည် ဘယ်တော့မှမညည်း။ လူငယ်များရှေ့ကပင် ဖျတ်လတ်စွာသွားလာနိုင် ၏။

မျက်စိမှာ အရွယ်နှင့်စာသော် မမှုန်သေးသည်ကို တွေ့ရသည်။ စာရေးရာ၌ တွေဝေဖင့်နှေးခြင်းမရှိ။ တောက် လျှောက် ဖြူးဖြောင့်စွာ ရေးချသွားနိုင်သည်။ လေးချိုးကို တခါတည်း စပ်သွားနိုင်သည်။

တရုတ်-မြန်မာ မိတ်ဆွေဖြစ်အသင်းမှ သ၀ဏ်လွှာကို ကျွန်တော့်ရှေ့၌ပင် ရေးချသည်။ ဧည့်ခံစားပွဲကလေး တွင် ရေးချသည်။ ရှင်မဟာ သီလ၀ံသ၏ `က၀ိမဏ္ဌပါလ´ ကျမ်းမှ အကိုးအကားပင် ထည့်သွင်းသွားသည်။

ခေါင်းရင်းဘက်စားပွဲမှ ကော်ပီစာအုပ်နှင့်ကူးထားသော `မူ´ တခုကိုယူလာကာ စာရွက်များကို ကြာကြာ မလှန်ရဘဲ သုံးလိုသည့် အပိုဒ်ကိုတွေ့သဖြင့် `တာရာရေ…ဖတ်စမ်း´ဟု ကျွန်တော့်လက်သို့ ကမ်းသည်။

ကျနော်က ( မျက်စိမှုန်လှသူဖြစ်၍ ) သေးသော စာလုံးများကို မနည်းကြည့်ယူရ၏။

`တရုတ်ပြည်တွင်၊ သုံးမည်လွှမ့်ကျော်၊ လောင်းရှင်တော်လျှင်၊ မဟောသဓာ…လား ဘာလဲမသိဘူး ဆရာ ကြီး၊ ဖတ်လို့ မရဘူး၊ သဓာတော့ မဟုတ်ဘူး´

ဆရာကြီးက မျက်မှန်မပါ၊ စာအုပ်ကို အနားယူကြည့်ကာ `မဟော်မည်သာ´ ဟု ဖတ်နေလေသည်။

ထို့နောက် ဆရာကြီးက ပုဂံခေတ် ဒိသာပါမောက္ခဆရာတော် တရုတ်ပြည်သို့ သံတမန်ကိစ္စနှင့်သွားပုံကို ရှေးကဗျာ၊လင်္ကာ ဂန္ထ၀င်များမှ ထုတ်နှုတ်ကာ ပြောနေသည်။

`တပြည်နဲ့တပြည်ဟာ ကူးလူးဆက်ဆံခြင်း ရှိရမယ်ကွ။ ဒါမှ ယဉ်ကျေးမှုရင်းနှီးမှုရှိမှာ။ ရင်းနှီးမှုရှိမှ မုန်းစိတ် ဘာစိတ်မရှိဘဲနီးစပ်ပြီး တပြည်နဲ့တပြည် စစ်ဖြစ်နိုင်ဖို့ဆိုတာ ဝေးမှာပဲ´

ပြောရင်း သ၀ဏ်လွှာကို ရေးနေသည်။ လက်သန်း၊ လက်သူကြွယ်များကို စာရွက်နှင့်ထိရှပ်ကာ ရှေးမူရာနှင့် ကာရန်သွားကိုဟပ်နေသည်။

`နဘေတွေ ပါလား ဆရာကြီး´

ဆရာကြီးက ရေးနေလျက်က `နဘေဆိုတာ စာပေါ့တာပေါ့ကွ´

သ၀ဏ်လွှာရေးပြီးလျှင် ရောက်တတ်ရာရာ စကားစမြည်ပြောရင်းက ၁၉၅၃ - ခုနှစ်တွင် အလင်္ကာကျော်စွာ ဘွဲ့ထူးများပေးသည့်အကြောင်း ရောက်သွားရာ `ပုလွေမှုတ်တဲ့ လူတွေတောင် အလင်္ကာကျော်စွာ ရကုန်ကြ ပြီကွ´ ဟု ကွမ်းသွေးများနှင့် ရယ်မော ပြောနေသည်။

ဆရာကြီးသည် ကွမ်းဝါးနေပြန်သည်။ ကျွန်တာ့်အား ငြိမ်းချမ်းရေး အခြေအနေများကို မေးမြန်း၍ပြောပြ နေရ၏။ အသက် (၈၀) သို့ ချဉ်းကပ်နေပြီ ဖြစ်သော်လည်း ဆရာကြီးသည် ငြိမ်းချမ်းရေးကိစ္စ၌ စိတ်ပျက် အားလျော့သည် ဟူ၍ မရှိဘဲ စိတ်အားထက်သန်လျက် ရှိပေသသည်။

`အေး… ပြည်တွင်းမှာ အေးချမ်းအောင် လုပ်ကြရမှာပဲကွ´

ကျွန်တော့်မှာငြိမ်းချမ်းရေး ပိသုကာ ဆရာကြီးအဖြစ် တိုး၍ ခင်မင်လာပေသည်။ ။

ဒဂုန်တာရာ
မတ်လ၊ ၁၉၅၅

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၄) နှစ်မြောက် အောက်မေ့ဖွယ်

ဒဂုန်တာရာ ရေးသော သခင်ကိုယ်တော်မှိုင်း၊ (သို့မဟုတ်) ငြိမ်းချမ်းရေး ပိသုကာ ကို နေ့သစ် မှကူးယူဖော်ပြသည်။

ဗေဒါလမ်း

ညိုပြာပြာ လတာပြင့်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြည်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွံ၊ ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။
ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)

ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ ဆိုတဲ့ ကာတွန်း တစ်ပုဒ် အစိုးရ သတင်စာ မှာပါဘူးပါတယ်,
ကျွန်တော် ငယ်ငယ်က ပါ။အစိုးရ ကိုပြန်ကစ်ထားတာပါ။ အမှတ်ရလို့ပါ။

ညီစေနော်

Saturday, July 19, 2008

အညှစ်ပြိုင်ပွဲ

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ အရပ်ပုပု အသားမည်းမည်းနဲ့ ဘုရင်တစ်ပါးရှိသတဲ့။ တစ်နေ့မှာတော့ဘုရင်ကြီး

ဟာ မိမိတိုင်းပြည်အတွင်းမှာရှိတဲ့ ၀န်ထမ်းတွေရဲ့ အရည်အချင်းကိုစမ်းသပ်ချင်တဲ့အတွက် နို့အညှစ်ပြိုင်ပွဲကျင်းပဖို့ ဆုံးဖြတ်လိုက်သတဲ့။ ဆုံးဖြတ်ပြီးတဲ့နောက်မှာ ပြိုင်ပွဲကျင်းပဖို့ကို "ဘာမှမမှန်" အသံလွှင့်ဌာနကနေပြီးတော့ သတင်းပြီးတိုင်းကြေငြာစေတယ်တဲ့။ (နောင်အခါတွင် "မြန်မာ့အသံ" ဟုအမည်ပြောင်းခဲ့ပါသည်။) ဘုရင်ကြီးက

အဲဒီလိုကြေငြာတာနဲ့ တစ်ပြိုင်နက် အညှစ်မှာနာမည်ကြီးတဲ့ ၀န်ကြီးဌာနတွေကလည်းအပြိုင်အဆိုင် စာရင်းပေးကြသတဲ့။

ပြိုင်ပွဲကျင်းပတဲ့နေ့မှာတော့ အညှစ်မှာ နာမည်ကြီးတဲ့ ပြည်ထဲရေး၊ ဘဏ္ဍာရေး ၊ သစ်တော၊ ပညာရေးစတဲ့ ဌာန

တွေဟာ ချန်ပီယံဆုအတွက်ထိပ်ဆုံးမှာ ရေပန်းစားနေကြသတဲ့။ ပြိုင်ပွဲကျင်းပတဲ့အခါမှာလည်း ရေပန်းစားနေတဲ့ဌာနတွေ ပီပီ

လက်စွမ်းပြပြီး ပိဿာချိန်အများအပြားရအောင် ညှစ်နိုင်ကြပါတယ်တဲ့။ ဒါပေမယ့် ပြိုင်ပွဲပြီးလို့ ချန်ပီယံဆုကို ကြေငြာတဲ့အခါ

မှာတော့ ပြိုင်ပွဲမှာလည်းရေပန်းမစား ၊ အနည်းဆုံး ပဲညှစ်နိုင်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ချန်ပီယံဆုကိုဆွတ်ခူးသွားပါသတဲ့။

အဲဒီအခါမှာ တခြားဝန်ကြီးဌာနတွေက မကျေမနပ်ဖြစ်ပြီး ဘုရင်ကြီးကိုလျှောက်တင်ကြပါသတဲ့။ (တိုင်ကြားနိုင်သည်လို့ ပြောထားတာကိုး။ တိုင်တဲ့သူတွေကိုလည်း မဖမ်းတော့ကိုယ်မကျေနပ်တာကို ပြောရဲကြတာပေါ့။)

ဘယ်လိုလျှောက်သလဲဆိုတော့.......

"အရှင်မင်းကြီး..........ကျွန်တော်မျိုးတို့ ဌာနများဟာ နှစ်ပေါင်း ( ၄၆) နှစ်တိုင်တိုင် အညှစ်မှာ နာမည်တစ်လုံးနဲ့ နေလာကြသူများဖြစ်ပါတယ်။ ပြိုင်ပွဲမှာလည်း အားလုံးဟာ လက်စွမ်းပြပြီး အနည်းဆုံးညှစ်နိုင်တဲ့ဌာနတောင်မှ တစ်ပိဿာ ကျော်ညှစ်နိုင်ရက်နဲ့ မည်သို့သောအကြောင်းကြောင့် နာမည်လည်းမရှိ၊

ပြိုင်ပွဲမှာလည်း အစိတ်သား ခန့်သာ ညှစ်နိုင်တဲ့ စစ်သားအစုတ်ပလုတ်တွေကို ချန်ပီယံဆုပေးရပါသလဲ" လို့ လျှောက်တင်တော့ ဘုရင်က ဒေါသတကြီးနဲ့ ဘယ်လိုပြန်ပြောသလဲဆိုတော့..........

" သယ်........နင်တို့ ပိဿာကျော်အောင်ညှစ်နိုင်တယ်ဆိုတာ ဘာမှမထူးဆန်းဘူး။ နင်တို့ညှစ်တာက

နွားမတွေ။ ငါ့စစ်သားတွေက နွားထီးကိုတောင် အစိတ်သားထွက်အောင်ညှစ်နိုင်တာ ။သူတို့ပဲ ချန်ပီယံဆုနဲ့ ထိုက်တန်တယ်"

ဆိုတော့မှ တခြားဌာနက ၀န်ကြီးတွေလည်း ကျေနပ်သွားကြပါသတဲ့။

ဆုပေးပွဲကိုဆက်လက်ကျင်းပရာမှာတော့ ဘုရင်ကြီးဟာ စစ်သားတွေရဲ့ အညှစ်စွမ်းရည်ကို နှစ်ထောင်း

အားရ ရှိတော်မူလှတဲ့ အတွက် အသစ်ဆောက်လုပ်ထားတဲ့ ကျပ်ပြေးနေပြည်တော်မှာ မြေကွက်တစ်ကွက်စီ ပေးပါသတဲ့။

ဒါ့အပြင် တခြားဌာနတွေနဲ့ လည်း အညှစ်စွမ်းရည်မှာ ကွာခြားလွန်းတဲ့ အတွက်ကြောင့် တရားမျှတတဲ့ မင်းပီပီ

ကာကွယ်ရေး ၀န်ကြီးဌာနက စစ်သားတွေကို တခြားဌာနတွေကို ပြောင်းရွှေ့ပေးပါသတဲ့။

ဒါမှလဲ မင်းညစ်တရား ဆယ်ပါးနဲ့ အညီအုပ်ချုပ်တဲ့မင်းဖြစ်တော့မှာကိုး။

အစစ်မဟုတ်တဲ့မုသား

ခြင်္သေ့ဆိုတာ တိရစ္ဆာန်ပဲ
တောသုံးတောင်ကိုသာ အပိုင်စိုး
လူဆိုတာမျိုးကို
ဝါးမျိုလို့မရဘူးနော် ... ... ...။

ရွံစရာကောင်းလိုက်တဲ့ ကယ်တင်ရှင်တွေ
ခြင်္သေ့ပုံနဲ့ မာန်ကုန်အော်ဟစ်
သူရဲကောင်းဖြစ်ချင်သူတွေ
အမျိုးမဲ့ရှင်သန်နေလိုက်ကြတာ

ထွက်လုဆဲဆဲနေ၀န်းတောင်
ပြန်ဝင်သွားချင်လောက်အောင်
မှောင်တဲ့တိုင်းပြည်
ဗမာ့သမိုင်းမှာ အရိုင်းကောင်တွေအုပ်စိုးတဲ့ခေတ်ပေမို့
ငါတို့ဘ၀တွေဟာ တစ်စစနဲ့
ကျောက်ခေတ်ကိုပြန်သွားကြရမှာလား ... ... ...။

ကျွန်တော်တို့လျှောက်တဲ့လမ်း
မလှမ်းမကမ်းမှာ
ကြယ်အချင်းချင်းတောင် ရန်သူလိုပဲ
ကိုယ့်အသား ကိုယ်ပြန်စားသလို
ခံစားနေရတဲ့ဘဝ
အတိတ်တွေသာ တာရှည်သွား
အမှန်တရားကို မခံစားကြရသူတွေ

တို့မြေဆိုတာ
အိပ်မက်ဆိုးတို့ လန့်နိုးရာမြေ
တို့ဘ၀တွေဟာ
မှားယွင်းနေတဲ့ နေရာတကျရှိမှုတွေနဲ့ပေါ့
ပြောင်းလဲမှုဆိုတာကိုက
ဘာဆိုဘာမှ မပြောင်းလဲသလို ... ... ... ...။

အောင်မြင်မှုဆိုတာ
သွားရည်တမြမြ
အစွယ်မဟတဟနဲ့
လူလူချင်းခွဲထား
ဝမ်းဆက်ဝတ်ရင်
မင်းတို့က ပိုမြတ်တယ်တဲ့လားကွာ ...............။

ပွဲဆိုတာ ကမိရင်ဆုံးအောင်ကရမယ်
မျှော်လင့်သလို မဖြစ်တဲ့ပွဲ
မမျှော်လင့်သလို ဆက်ကကြတာပေါ့
လက်နက်မရှိတဲ့ သူရဲကောင်းတွေဟာ
သူရဲကောင်းမရှိတဲ့ လက်နက်တွေဆီ သွားကြရတော့မှာလား ။

သူငယ်ချင်းတို့ရေ
ငါတို့ကျောင်းတော်ကြီးကို
အပြီးသတ်ဆေးခြယ်ကြရအောင်
အစွယ်ကြိုးတဲ့မြွေ ကြိုးတစ်ခွေလို
တို့ဘ၀တွေဟာ
အသေခံမဟုတ်ဘူး
လူးလွန့်နိုးထ
အမေနဲ့တကွ
တို့ အသက်ရှင်နေကြရမယ် .........။
တို့အသက်ရှင်နေကြရမယ် .....................။

အများကြီး မရဲရင့်ရင်လည်း
တစ်ခုလောက်တော့ ရဲရင့်ရမှာပေါ့
တောက်ရဲရဲခေါက်
လမ်းမြဲမြဲလျှောက်
ဒီလမ်းကို တို့မှမဖောက်
ဘယ်သူဖောက်မလဲ ...... ........။

မြင့်မြတ်သူတို့ရဲ့
ကမ္ဘာဟောင်းက ခွဲခွာသံဟာ
ဆိတ်ငြိမ်ခြင်းနဲ့ ရဲရင့်ခြင်းခွန်အားကို
ပေးနေသလိုပဲ............။

“နောင်ဥဒါန်းဘယ်မကျေစရာ
ရာဇ၀င်တင်ထား မျိုးရိုးနွယ်လာ
ကမ္ဘာတစ်ခွင်မှာဖြင့်
ဗမာအထင်အရှား
တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား”
သခင်ဘသောင်းတို့ရဲ့ သီချင်း
ချက်ချင်းကြားယောင်မိတယ်
အောင်ကျော်လိုသား
အောင်ဆန်းလိုသား
မွေးဖွားစမ်းပါအမေ ..............။

ဟေ့ .......သူငယ်ချင်းတို့
ငါတို့မျိုးဆက်ဟာ
နောင်လာမယ့်မျိုးဆက်အတွက်
အကောင်းဆုံးသမိုင်းသေတမ်းစာ
တို့သွေးနဲ့ရေးပေးကြရအောင်လား .........။

ဗိုလ်ချုပ်အောင်ဆန်း



ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ ဖခင်၊ လွတ်လပ်ရေးဗိသုကာကြီးဖြစ်သောဗိုလ်ချုပ်အောင်ဆန်းသည်
သက္ကရာဇ် ၁၂၇၆ ခု၊ တပေါင်းလဆန်း ၁ ရက် (၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက် ) စနေနေ့တွင် မကွေးခရိုင်၊ နတ်မောက်မြို့၊ အဖ အမိန့်တော်ရရှေ့နေဦးဖာ၊ အမိဒေါ်စုတို့မှ ဖွားမြင်သည်။
အသက် ၇ နှစ်အရွယ် နတ်မောက်မြို့၊ ဆရာတော်ဦးသောဘိတ၏ကျောင်းတွင် ပညာသင်၍ အသက် ၁၄ နှစ်အရွယ်တွင် ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းသို့ ကူးပြောင်းသင်ကြားရာ ၁၉၃၂ ခုနှစ် အသက်၁၈ နှစ်တွင် အထက်တန်းပညာကိုအောင်မြင်၍ ထိုနှစ် ဇွန်လမှာပင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိလေသည်။
၁၉၃၅ ခုနှစ်တွင် တက္ကသိုလ်သမဂ္ဂအမှုဆောင်နှင့် သမဂ္ဂမှထုတ်ဝေသော အိုးဝေစာစောင်စာတည်းအဖြစ်ဆောင်ရွက်သည်။ ၁၉၃၆-၃၇ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရပြီးနောက် ၁၉၃၇-၃၈ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပြန်လေသည်။
ဤသို့ ကျောင်းသားအရေးအရာများကို မဆုတ်မနစ် ရှေ့ဆောင်ခေါင်းရွက်ဆောင်ရွက်ခဲ့ပြီးနောက် ၁၉၃၈ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂဥက္ကဌအဖြစ်မှ ထွက်၍ ဒို့ဗမာအစည်းအရုံးသို့ ၀င်ရောက်ပြီးလျှင် အတွင်းရေးမှူးအဖြစ် နေ့ညမနားဆောင်ရွက်လေသည်။
၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် နယ်ချဲ့တို့ လက်အောက်မှ ရှင်းရှင်းကြီးလွက်မြောက်ရမည်ဟူသော သံဓိဌာန်ဖြင့် ၁၉၄၀ ပြည့်နှစ် သြဂုတ်လတွင်
မြန်မာပြည် ပြင်ပသို့ထွက်သွားပြီးနောက် မြန်မာပြည်လွတ်လပ်ရေးရစေမည်ဟူသော ဂျပန်အစိုးရ၏ ကတိကို
ယူ၍ ရဲဘော်သုံးကျိပ်နှင့်အတူ စစ်ပညာကိုသင်ကြားပြီးလျှင် ၁၉၄၁ ခု၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ယိုးဒယားပြည၊် ဘန်ကောက်မြို့၌ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းလေသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းကြီးမှူးရှေ့ဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်စစ်တပ်များနှင့်အတူ ပူးတွဲချီတက်လာပြီးလျှင် နယ်ချဲ့များလက်မှ မြန်မာနိုင်ငံတော်ကြီးကို ပြန်လည်သိမ်းပိုက်လိုက်လေသည်။ သို့သော်ဂျပန်စစ်တပ်သည် ကတိဖောက်ဖျက်ရုံသာမက ပြည်သူလူထုအပေါင်းတို့အား ညှင်းပန်းနှိပ်စက်မှုများကို ပြုကျင့်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့တပ်မတော်ကြီးနှင့်တကွ တစ်ပြည်လုံးကို ခေါင်းဆောင်လျက် ၁၉၄၅ ခု၊ မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်
ဂျပန်တို့အား အတိအလင်းစစ်ကြေညာ၍ သုတ်သင်ရှင်းလင်းပြီးလျှင် လူထုကြီးတစ်ရပ်လုံးကို ဖက်ဆစ်တို့၏
ကြမ်းကြုတ်ရက်စက်မှုဘေးမှ ကယ်တင်လိုက်လေသည်။
ဖက်ဆစ်ဂျပန်များ ဆုတ်ခွာထွက်ပြေးကြပြီးနောက် ဗြိတိသျှတပ်များဝင်ရောက်လာရာ၌လည်း ဗြိတိသျှတို့သည် မြန်မာပြည်ကို ကျွန်သက်ရှည်စေသည့် စက္ကူဖြူစာတန်းကို ယူလာကြပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ခဲ့သော“ဖ.တ.ပ.လ“ ခေါ် ဖက်ဆစ်တိုက်ဖျက်ရေးနှင့်
ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးကို အမျိုးသားတပ်ပေါင်းစုကြီးအဖြစ် ပြန်လည်ဖွဲ့စည်းပြီးလျှင် လွတ်လပ်ရေး
အောင်လံကြီးကိုလွှင့်ထူ၍ လွတ်လပ်ရေးတိုက်ပွဲကြီးကို ဆင်နွှဲလေသည်။ ထို့နောက်ယာယီ ကြားဖြတ်အစိုးရအဖွဲ့
အတွင်းသို့ဝင်ရောက်ဆောင်ရွက်၏ ။ ဗြိတိသျှတို့ထံလွတ်လပ်ရေးအတွက် အရေးဆိုရာ ၁၉၄၆ ခု၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဘိလပ်သို့ဖိတ်ကြားခြင်းခံရပြီးလျှင် ၁၉၄၇ ခု၊ ဇန်န၀ါရီလ ၂ ရက်နေ့တွင် ဘိလပ်သို့သွားရောက်
လေသည်။သို့လျှင် ဗြိတိသျှအစိုးရ၏ ဖိတ်မန်ချက်အရ သွားရမည့်ဆဲဆဲတွင် “ခါးတောင်းကျိုက် မဖြုတ်ကြနှင့်“ ဟုပြည်သူလူထုအား အသင့်ရှိစေရန် မှာကြားခဲ့သည်။ ပြီးနောက် အင်္ဂလန်ပြည် ၊ လန်ဒန်မြို့သို့တက်ရောက်ကာ
လွတ်လပ်ရေးအတွက်အရေးဆို၍ “အောင်ဆန်း-အက်တလီ“ စာချုပ်ကို ချုပ်ဆိုခဲ့ပြီးလျှင် “တစ်နှစ်အတွင်း လွတ်လပ်ရေး ရရမည်“ ဟူသော ရဲရဲတောက် ကတိကြီးကို ပြည်သူလူထုအား ပေးလေသည်။ ထို့နောက် ပင်လုံတွင် တစ်ပြည်ထောင်လုံး ညီညွတ်ရေးကြီးကို မြဲခိုင်စွာ အုတ်မြစ်ချပြီးနောက် တစ်နိုင်ငံလုံး ကိုယ်စားလှယ်များပါဝင်သော တိုင်းပြုပြည်ပြုလွှတ်တော်ကြီးကို ရွေးကောက်ဖွဲ့စည်း၍ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို ရေးဆွဲခဲ့လေသည်။
ထိုသို့ ပြည်သူလူထုကြီး တစ်ရပ်လုံးကို လမ်းပြခေါင်းဆောင်လျှက် မိမိ၏ အသက်စည်းစိမ်ကို မြူတစ်ခြမ်းမျှ ပမာဏမပြုဘဲ ပြည်သူလူထု၏အကျိုး၊ ပြည်ထောင်စုကြီး၏ အကျိုးကိုသာ မျက်မှောက်ပြုလျက် အပြင်းအထန်ကြိုးပမ်းဆောင်ရွက်နေဆဲမှာပင် ၁၉၄၇ ခု၊ဇူလိုင်လ ၁၉ ရက်နေ့၌ လူမသမာတို့၏လက်ချက်ဖြင့် ပြည်သူလူထု၏ဖခင် ကျေးဇူးရှင်ကြီးသည် လွတ်လပ်ရေးတိုက်ပွဲတွင် ကျဆုံးခဲ့ရလေသည်။


( ၁၉၇၁ ခုနှစ်၊စာပေဗိမာန်တိုက်ထုတ် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများမှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့ဘ၀ဖြစ်စဉ်ကိုဖော်ပြရာမှာ လိုအပ်ချက်တွေ အများကြီးရှိနေမယ်ဆိုတာ ၀န်ခံပါတယ်ခင်ဗျာ။ အစိမ်းပုတ်ရောင်ကန့်လန့်ကာနောက်မှာ အမှောင်ချထားခံရတဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် အဓိက
ရည်ရွယ်ပါတယ်။)

မရှိ

ခေတ်သဘောဟာမို့ အပြစ်မပြောသာဘု

စစ်ကြောလိုက်ပါလျှင်

တန်ခိုးပြ စိုးရကကြိမ်မတော့

သမ္ဘာရှိန်ဝင့်ကာ မောက်မာကြပေသပေါ့

ကြောက်စရာပင်။

ပြည့်သဘောကိုလ မကြည်မောနိုင်တဲ့အင်

ကိုယ်ထင်ရာလုပ်တမ်း....။

သည်အတိုင်းသာဖြင့် ပြည်တိုင်းမှာပူဆာလို့

ညာသူသာ ဘုန်းရှိန်တောက်ပါလို့

ကဲ.ရောက်လျှင် အာဏာနှင့် နှိပ်မှာမို့

ပဏ္ဍိတ်သူတော်စင်တို့

ပွဲမ၀င် သဲဘ၀င်ထိတ်လို့ရယ်

နှုတ်ဆိတ်မည့်လမ်း............။

ဂျာနယ်ကျော်ဦးချစ်မောင်

(၁၉၃၉) ခုနှစ်က ဂျာနယ်ကျော်ဦးချစ်မောင် ရေးခဲ့တဲ့ ကဗျာလေးပါ။

“၂၀၁၀ ၅ချိုးကြီး”



တူးတန်း တူးတန်း နဲ့ 
အရူးအနှမ်းတွေလိုပ
မစူးမစမ်းပဲအော်ကြပြန်ပြီ
တူးအိပ်မှာ မရှုနဲ့ မလှ
လူးလိမ့်ကာ ခံရတာမ၀သေး
သွားရည်တမြားမြား လှည့်ပတ်ပြေး
ရွှေရွှေငနွားရဲ့  နောက်လိုက်ခွေးတွေ
ဖေဖေများက ငေါက်ငမ်းတိုင်းလည်း
တွေဝေသွားလို့  ကြောက်ရမ်းရမ်းရ
ရလိမ့်ဦးမဟဲ့ဒီမိုကရေစီ
ဒီမြန်ပြည်ရဲ့ အနာဂတ်
ကိုယ့်ခြေကိုယ့်လက်ကိုယ့်အကွက်နဲ့ 
ကိုယ့်ဇာတ်ပိုင်အောင်ကိုယ်မဆင်
ကိုယ့်ဖင်ပြောင်အောင်ကိုယ်မဆေး
သူများအိမ်သာ ဘေးထိုင်ကာငေး
ချီးမစင်တာပြေးပြေးပြီးကြည့်
ကလေးသိခွေးသိ လိုက်လို့ ကြေငြာ
ရေရေရေရာ ကိုယ်လျှောက်မဲ့လမ်း
သေသေချာချာဖောက်လို့ မလှမ်းပဲ
စွေကာခွေကာလွမ်းရုံလေးနဲ့ 
၉၀ဈေးလည်းပေးဝယ်လိမ့်မယ်မမျှော်လေနဲ့ ။

ယောင်မနေနဲ့ တော့ အဟုတ်ပျောက်ဦးမယ်
အောင်ရွှေငပျော့ရဲ့  တုတ်ကောက်သုံးလုံးအပူသည်လည်း
ဘယ်လဲဘာလဲ ပြေးစရာမြေမဲ့
မထွေးသာအန်မရ တရားခံဘ၀နဲ့ 
ဘေးမှာကန်ချခံရလေမှာမြင်ပေရဲ့ ။

ငါမပါဘူးဟဲ့ တော်သေးသဟ
ဘော်ဒါဘေးက ပုဂ္ဂိုလ်တွေလည်း
အထုပ်ကိုပြင်ဆွဲ တတိယတွဲဆီ
မှန်းစမ်းပါဦး မေးရဦးမယ်
မင်းတို့ လမ်းရောဘယ်ကိုလဲ……

“အဘိုးသခင်မစ္စတာမောင်မှိုင်း
ဟိုးတမလွန်မှအတင်းရေးခိုင်းသည်
ရှင်းစရာမေးစရာသူ့ ဆီသာသွား
သားသားပြောတာဟုတ်ဘူးဂျ”

တူးတန်း=2010
တူးအိပ်=2008
ရွှေရွှေငနွား=သန်းရွှေ

Thursday, July 17, 2008

“ဖေဖေသို့ ”

ဂမ်ဘာရီပြန်လာပြီတဲ့
ဘန်ကီမွန်း အမြန်ဝင်တွန်းမတဲ့
ရေတပ်တွေနဲ့  အသေနှက်လေမတဲ့။
NLD ပြန်တွယ်မည်တဲ့
CRPP ညီညာညာချီပြီတဲ့
ပြည်ပကလူတွေလည်း ခြေကြွခမယူပဲလာဦးမတဲ့လေ။
မျှော်လိုက်ရတာလည်ပင်းတွေခမျာ
အီဖယ်မျှော်စင်ကြီးလို…
နေပြည်တော်ရောက်သွားတဲ့ သစ်ကုလားအုပ်ကြီးလို…
တကယ်တော့ ရွှေဥထွက်တဲ့ငန်းလိုပါ.
ခေါင်းလေးတခါခါနဲ့ အလှီးခံဖို့ အဆင်သင့်။
ပြီးတော့လည်းလေ..
ဈေးဦးမပေါက်သေးတဲ့အပျက်မ အငတ်လေး
ဟိုဟိုဒီဒီငေးနေမိသလိုပေါ့
ကျွန်တော်တို့ ပြည်သူတွေခမျာမှာလေ...
နောက်ဆုံးတော့လည်းရေစိုဆန်စားဖို့ 
ဒီမုဒိမ်းသမားဆီပဲ ကော့ကော့ပေးလိုက်ရတာအမော
သူကလည်း ငေါ့ငေါ့ဆွဲတယ်ဟ
စိတ်ကြမ်းလူကြမ်းတပ်သားကြီးဆိုတော့။

ဗိုလ်ချုပ်ရေ…အဖေရေ
သားတို့ သမီးတို့ မမြင်ဘူးတဲ့အဖေရေ
အဖေပြောခဲ့တဲ့ဟိုနိုင်ငံကြီးလေ
သူတို့ တွေ အဖေ့စကားအတိုင်း
မဖြစ်ဖြစ်အောင် ၀ိုင်းကြိုးစားနေလိုက်ကြပုံများ
ထနိုင်ရင် ထကြည့်ပါဦးလားအဖေရယ်။
အဖေ့သားတွေသမီးတွေ…
ကန်သင်းရိုးပေါ်ပက်လက်ကလေးခွေလို့ ….

အမည်မဖော်ရဲသောယနေ့ ခေတ်စာဆို

Wednesday, July 16, 2008

svchost.exe ၀င်ပြီဆိုလျှင်


CPU Usage က ၁၀၀% ပြနေပါလိမ့်မယ်။တီးလုံးသံလေးပါကြားရပါမယ်။မကြာခင်မှာဘဲ မော်နီတာ က အနီရောင်ပြောင်းသွာပါလိမ်မယ်။Drive Letter ထဲ က Folder တွေလဲ Song Icon နဲ့ exe file တွေ ထပ်တွေလာရပါတယ်။
USB drive ထည့်လိုက်ပြီး Open လုပ်လိုက်ရင် Message Box တစ်ခုကျလာလိမ့်မယ်။
Message box ထဲမှာ Drive not ready. Drive door may be open ဆိုတဲ စာသားမျိုးကိုတွေ့ရလိမ့်မယ်။

ဘယ်လိုသတ်မလဲ
၁။ Ctrl+Alt+Delete နှိပ် ပီ taskmanager ကိုဖွင့်လိုက်ပါ။
၂။ Process အောက် image name ကို click တစ်ချက်နှိပ်ပြီး sort လုပ်လိုက်ပါ။
၃။ svchost.exe ဆိုတဲ့ process ကို လိုက်ရှာလိုက်ပါ။ တွေ့ရင် User Name အောက်ကိုကြည့်ပါ။ System, Network Service, Local Service မဟုတ်တဲ့ ဟာကိုလိုက်ရှာလိုက်ပါ။
၎။ End Process ကိုနှိပ်လိုက်ပါ။
၅။ Command Prompt ကိုဖွင့်ပါ။ del %windir%\system32\restore\svchost.exe ဆိုတာကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။
၆။ Registry Editor ကိုဖွင့်ပါ။ HKey_Local_Machie\software\Microsoft\windows\currentversion\run ကိုသွားပါ။
data ဆိုတဲအောက်က လမ်းကြောင်းမှာ c:\windows\system32\restore\svchost.exe ဆိုတဲ့ value ကို delete လုပ်လိုက်ပါ။

ကွန်ပြူတာကို restart လုပ်ပါ။

အသံတိတ်မှည့်နေကြတဲ့သစ်သီးတွေ


တစ်ဦးရဲ့မျက်လုံးကို တစ်ယောက်က လှမ်းဖတ်တယ်
လက်ဘက်ရည်ဆိုင်တွေမှာ
ကျပ်သိပ်ပြည့်နှက်နေတဲ့ ဘတ်စ်ကားတွေပေါ်မှာ
ပညာရနံ့မရတဲ့ ကံ့ကော်ရောင်စာသင်ခန်းတွေမှာ
အမှန်တရားရေချိန်နည်းခဲ့ လွယ်အိတ်တွေထဲမှာ
ဓါးမတိုတို့ရဲ့ အသက်ရှုသံပြင်းပြင်းကြားမှာ
အံကြိတ်အော်သံတဲ့ ခွေးသွားစိတ်တွေကြားမှာ ........ ........ ..........။

အစိမ်းပုတ်ရောင်ပုဒ်မတွေနဲ့ ချုပ်နှေင်ခံထားရတဲ့
နှုတ်ခမ်းသားတွေက
မသဲမကွဲအသံတွေ
ခန္ဓာထဲမှ သစ်တစ်ပင်က
တဖျစ်ဖျစ်မြည်ပြီး
တော်လဲသံပေးတယ်။

"အမျိုးကောင်းသားတို့ ............... ထကြလော့"

ရွာတော့မယ့်မိုးတွေကြောင့်
ဧရာဝတီလည်း နိုးနေပြီ
အစိုင်အခဲတွေကလည်းရင်ထဲမှာ
အပြိုင်းအရိုင်း
ယုံကြည်ချက် လှိုင်းတွေကြားမှာ
အသံတိတ်မှည့်နေကြပြီ ။

အဆီယစ်နေသူများ


ပြည်သူ့ချွေးနှီးစာ အခွန်ဘဏ္ဍာတော်ကို
အလွဲသုံးစားလုပ်နေသူတွေက
နည်းနည်း ရောင့်ရဲကြပါလို့
ဆုံးမနေပါလား ........ ဟေ့။
ဗိုက်အပြည့်စားသောက်နေရတဲ့သူတွေက
လူငတ်တွေကို
အနစ်နာခံကြစမ်းပါတဲ့။
တိုင်းပြည်ကြီးကို ချောက်ထဲဆွဲခေါ်ချမယ့်သူတွေက
တိုင်းပြည်ကြီး သာယာဝပြောမယ့်အချိန်
နီးလာပြီတဲ့လေ။
တိုင်းပြည်အုပ်ချုပ်ရေးဆိုတာ
သာမန်ပြည်သူပြည်သားတွေနားလည်ဖို့
အင်မတန် ခက်တယ်ဆိုပါလား ..........ဟေ့။
ဗားတော့ဗရက်

နန္ဒိသေနပျို့

စစ်နည်းဗျူဟာ ဘယ်လိုသာလည်း
စွဲကိုင်လက်နက် ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်
ပြည်သူ့အင်အား မလေးစားလျှင်
ဓားသွားလည်းကြွေ လှံလည်းခွေအံ့။

လက်ဝဲသုန္ဒရ

အမေ


မြေနိမ့်ရာလှံစိုက်ခံရတဲ့သူရဲ့မျက်ရည်အတွက်

လူ့အခွင့်အရေးတွေ ဟစ်ကြွေး

အမေ........ တောင်းပေးခဲ့တယ်။

စစ်ခွာသံ ဘယ်လိုပြင်းပေမယ့်

အောင်ဆန်းသမီး ပီသ

အမေ........ ခေါင်းဆောင်သွေးပြခဲ့တယ်။

ခမောက်ဆောင်းပြီး ခေတ်ပြောင်းချင်တဲ့

NLD အဖွဲ့ရဲ့ခေါင်းဆောင်အမေ

ခေတ်တစ်ခေတ်ကို အသွင်ပြောင်းချင်တဲ့

ပင်နီရောင်ခွပ်ဒေါင်းပျိုမ အမေ

ဒီမိုကရေစီ ခရောင်းလမ်းထက်က

အတင်းပိတ်ခံရတဲ့ မျက်ဝန်းအစုံတွေအတွက်

အမေဟာ အမြင်အာရုံပါ။

အမှောင်ချထားခံရတဲ့ သတင်းမြို့ပျက်အတွက်

အမေဟာ အကြားအာရုံပါ။

ကမ္ဘာမြေပန်းခင်းမှာ...... အမေ

ငြိမ်းချမ်းရေး ပန်းတစ်ခြင်းပျိုးခဲ့ပါပြီ။

ကိုဖုန်းမော်ရယ်

ကိုစိုးနိုင်ရယ်

အင်းစိန်ဝိုင်အိုင်တီက သွေးလူးနေတဲ့ ၀ိညာဉ်တွေရယ်

ကိုမင်းကိုနိုင်

နေ၀င်သွားတာတောင်မှ အိမ်ပြန်မရောက်နိုင်တဲ့

အမေ့ရဲ့သားတွေရယ်

အမေနဲ့အတူ ရေးတဲ့သမိုင်းအောက်မှာ

ကမ္ဘာမကျေတေးကိုဟစ်ကြွေး

ရာဇ၀င်သစ်ကို သွေးနဲ့ပြန်ရေးမယ် .........။

မုန်တိုင်းအကြို


နေရထိုင်ရတာ

ကျပ်သိပ်မွန်းကြပ်လွန်းလို့

စိတ်သက်သာရာ ရှာကြည့်တော့

စစ်ဖိနပ်အောက်က မြက်ပင်တွေက

" ကျွန်တော်တို့ မဲပေးချင်တယ် " တဲ့။

လေထုတောင် အချုပ်အနှောင်ခံထားရ

"လွတ်လပ်မှု" ဆိုတာ စာလုံးပေါင်းပြရတဲ့ ဒီနေရာမှာ

"မမျှတမှု" ကိုလည်း စာမဖွဲ့လိုတော့။

မျိုးဆက်အသေတွေ ၊ ဦးနှောက်အပျက်တွေ။

နာကျင်မှုတွေ ၊ လူမဆန်မှုတွေ။

"ကျောက်တောင်ဆိုလည်း ရအောင်ဖြိုမယ်"။

ကြောက်တတ်တဲ့ကောင်တွေကို ပြောလိုက်စမ်းပါ။

" ငါးရံ့မင်း ပရိတ်လည်း ပြောင်းပြန်ရွတ် မနေနဲ့တော့"။

"ယတြာလည်း မချေနဲ့တော"့ ...........။

"မိုးကတော့ ရွာကိုရွာတော့မှာ"...........။

ပွဲကတော့ ကကိုကရမှာ


အားလုံးလည်း မျက်နှာချေတွေလိမ်းပြီးပြီ

ပွဲကတော့ ကကို ကရမှာ။

အနှစ်နှစ်အလလ

ကိုယ်ဝန်ဆောင်လာရတာဆိုတော့ ဇာတ်အသွားလေးကလည်း

ခံစားမှုတွေတင်းကြပ်

ကားလိပ်ဆွဲမယ့်ကောင်လေးခမျာ ကားလိပ်မှမဆွဲရရင်

စင်းစင်းကြီးသေတော့မယ်ဆိုပြီး

လက်မောင်းသားတွေ တကြွကြွ၊

ဆယ်စုနှစ် တစ်ခုကျော်လောက်ဝတ်ခွင့်မရခဲ့တဲ့

ပရုပ်နံ့သင်းရှပ်တွန့်အကျီင်္လေးလည်း ဖာထဲကထုတ်ထားပြီး

ဇာတ်အသွားက တိုက်စရာမလိုလောက်အောင်

အားလုံးရဲ့ရင်ထဲ ထုထည်လိုက်ကြီးရှိပြီးသား၊

မင်းသမီးကလည်း တင်တုရင်တုတွေနဲ့ကပြမှာ

မဟုတ်တာတော့ အသေချာ၊

ဝိုင်းကလည်းပတ်လုံးလေးစမ်းလိုက်၊ ကြေးနောင်းလေးတို့လိုက်..

အဲ သီချင်းအသစ်က အသုဘချတေးသွားတစ်ခုတော့ပါရဲ့၊

ဒါကလည်းအပီကို တိုက်ပြီးသား။

အားလုံးဟာ စိတ်လှုပ်ရှားနေကြ၊ ခပ်လှမ်းလှမ်း ငြီးသံတွေတော့ ကြားနေရတာပဲ။

ဆီကောလုံလောက်ရဲ့လား ၊ မီးဖြူကြီးတွေ ပြိုင်ထွန်းမှာ။

ပွဲတော့တင်ပြီးပြီ ၊ မိုးသား လေကင်းပါစေ ၊ အဝေးရောက်အဖွဲ့တွေလည်း

ရောက်ကြတော့မယ်။

မျက်နှာဖုံး ဆွဲချွတ်မယ့်အခန်းတွက် ကုလားထိုင်အသစ်နော်၊

ဝေလေလေသမားတွေကိုတော့ မထည့်တော့ဘူး၊ မျက်တွင်းလေး

ဟောက်ပက်ဟောက်ပက် လုပ်မနေပါနဲ့

အသစ်တွေ ရတော့မှာ၊

မျက်လွှာ၊ ပုဝါသစ်နဲ့ လှိုင်းသစ် ၊ သခွားသစ် ၊

ဟုတ်ပ ...အားလုံးဟာ ဇာတ်ဆောင်တွေချည်း၊

အချင်းများစရာလေးတွေတော့ ရှိနေတယ် ၊ မိတ်ဆက်စရာမလိုတဲ့

ငြိနိုင်စရာအသစ်တွေလည်း အပြည့်........။

မိုးကြီးလည်း စုံးစုံးချုပ်ပြီ

အပြင်ဘက်မှာ ပွဲဈေးတန်းလေးမရှိပေမယ့် --

ပွဲကတော့ ကကို ကရမှာ .......................။

မနှစ်ကအဖြစ်အပျက်


တစ်ချို့က မေ့ချင်ယောင်ဆောင်ထားကြ
မဆိုင်သလိုနေခဲ့ကြသော
ဆယ်စုနှစ်ကျော် တစ်ခု၏
အပိုစာသားများ
ဆက်ကရမယ့်ပွဲက ခါးသီးမှုတွေတင်းကြမ်း
လူ့အရိုင်းအစိုင်းတွေဖောက်တဲ့လမ်းမှာ
ခရီးသည်များရဲ့ရထားဟာ
ေ၀၀ါးဝါး
ကြမ်းရှရှ
ဖုန်ခါထုတ်လာတဲ့ ပျော့ဖတ်များပေါ်မှ
ကျုံလှီနေတဲ့ ၀မ်းဗိုက်တစ်ခြမ်း
ဟောက်ပက်ဟောက်ပက်ဖြစ်နေတဲ့
အမြင်တွေ
ငါတို့နေ့စဉ်စားသုံးခဲ့တဲ့
ဈေးနှုန်းများ
အခါခါ စီးခဲ့ရတဲ့ ကြပ်ကြပ်တည်းတည်း
ယာဉ်နံပါတ်များ
ဝေါဟာရတစ်ခြမ်းပဲ့များ
မနက်ခင်းသတင်းစာရဲ့
နောက်ကျောဖုံးအတွင်းဘက်ကဏ္ဍကို
ရောက်မလာသေးတဲ့ ရှေ့ဆုံးစာမျက်နှာပေါ်မှ
ပြည်တွင်းဖြစ် သွေးစုတ်ဖုတ်ကောင်များ
ရှေးဟောင်းနယ်မြေတစ်ခုမှ
အာပုတ်စော်နံသော မုသာဝါဒများ
အနှစ်လေးဆယ်ကျော် အပျိုရည်ပျက်ခဲ့ရသော
လူနေမှုစနစ်၏ စတေးခံလူသားများ
အပါအ၀င်
အောက်ပါအကြောင်းတရားများ
၂၀၀၈
နှစ်ခြောက်တစ်နှစ်နှစ်ရှစ်ဟာ
သူ့ကိုယ်သူရုန်းကြွဖို့
အိပ်ပျော်နေတဲ့ ရင်ဝယ်သားတွေကို
လှုပ်နိုး
အမှောင်ခေတ်ထဲက
နိုးထလုပြီ။

သွေးမြေခတဲ့သောကြာ


အဲဒီ..........သောကြာနေ့ကပေါ့
ငါတို့ရဲ့လွတ်လပ်ခြင်းကိုရိုက်ချိုး
ခွပ်ဒေါင်းတို့သွေး မြေကျခဲ့ရပြီ - - - -။
မုံရွာ - ဒီပဲရင်း လမ်းနံဘေးကညတစ်ညကို မေးကြည့်စမ်းပါ
ပင်နီရောင်သွေးစက်တို့ပြန့်ကြဲ
ပြည်သူတွေအတွက် ပေးဆပ်ခဲ့ကြပြီ - - - - ။
စစ်ဘီလူးတို့ လူသားစားခဲ့ကြ
ခွေးရူးနဲ့ ရှူးတိုက်
ရာဇ၀င်တစ်ခုလုံးကို ပြောင်းပြန်လန်အောင်
ကိုက်ခိုင်းခဲ့ကြပြီ - - - -။
ဝါးရင်းတုတ်အားကိုး
ဂဠုန်မောင်စောလို အကြံမျိုးနဲ့
ရှစ်လေးလုံးမျိုးဆက်
ဒင်းတို့ သတ်ခဲ့ပြီ - - - -။
ဟေ့......စစ်အာဏာရှင်အစိုးရ
ငါတို့သွေးနဲ့မှ သမိုင်းမျက်နှာစာသစ်
မင်းတို့ဖွင့်ရက်ကြတယ် - - - -။
သွေးစွန်းမြေတစ်နေရာမှာ
ငါတို့သစ္စာပြု
စစ်ရာဇ၀တ်ကောင်..........မင်းတို့ကို
သမိုင်းကဒဏ်ခတ်
ပြန်ပေးဆပ်စေရမယ် - - - - ။
တရားစောင့်သူကို တရားကပြန်စောင့်သတဲ့
ရဲဘော်တို့ရေ ....
သူငယ်ချင်းတို့ရေ ....
အမျှကွာ ---- ..... ----။

တံတားဖြူတမ်းချင်း


အင်းယားကန်က တံတားဖြူလေး
အနီရောင်လှိုင်းကြက်ခွပ်တို့နဲ့ရုန်းကြွ
အဲဒီညနေဟာ .........
ငြီးတွားသံတွေ
ငိုရှိုက်သံတွေ
တောက်ခတ်သံတွေနဲ့ ... ... ...။
တစ်ချို့လွယ်အိတ်ကလေးတွေက လမ်းမပေါ်မှာ
လက်ကိုင်ပ၀ါအဖြူလေးပေါ်မှာ မျက်ရည်တွေစွန်းထင်းလို့
ဦးတည်ရာမဲ့အရပ်ဆီ ပြေးလွှား
အစိမ်းပုပ်ရောင်ဖိနပ်တွေ
လွတ်လပ်ခြင်းနဲ့ ယုံကြည်ခြင်းကိုဖျက်နင်း
ခုံပြာတန်းတို့ စကားဆိုခြင်းကင်းလေပြီ
သစ်ပုပ်ပင်အောက်မှာ
မျှော်သူစောင့်လျှက်
တွယ်ခိုစနှုတ်ခမ်းပါးမှာ
သူပြန်လာမှာပါ .............ဟုတ်တယ် သူတို့ပြန်လာကြမှာပါ
ဂျပ်ဆင်မှာ ဓမ္မတေးသံတို့ဆိတ်သုဉ်း
ဒီလိုနေ့ဆိုးတွေ ဘယ်တော့မှ ဆုံးမှာပါလိမ့် ... ... ...။
လွတ်လပ်ခြင်း ၊ တရားမျှတခြင်းဆိုတာ
စကားလုံးအဖြစ်သာ ရှိခဲ့တဲ့မြေအတွက်
ကျိန်စာသင့်တဲ့ သစ်ပင်စိုက်ချင်သူ
အမျိုးကောင်းသားတွေရဲ့ အိမ်ပြန်မရောက်နိုင်တော့တဲ့ညနေ
တိုင်းပြည်ရဲ့အမာခံကျောရိုး ခွေးဆိုးတွေဟာ
ဘီလူးဝင်စားထားသလို
သွေးသားကိုသာ တစာစာတောင့်တ
ခေါင်းစည်းလေးတွေ
မြေမှာခကြလေပြီ ... ... ...။
အို ... ... ...ကံ့ကော်မြေရေ
ဂုဏ်ပြုအပ်တဲ့ သင့်သားတွေကို
ကြိုဆိုတော့လေ ... ... ... ...။

ဒီနေ့အဖြစ်အပျက်


လွန်ခဲ့သောထောင်စုနှစ်က
ဖာရိုဘုရင်
ပြန်ရှင် ၊ မရှင် ။

လွန်ခဲ့သောရာစုနှစ်က
ဟစ်တလာ
သေ ၊မသေ။

ရောက်လာတော့မယ့် အနာဂတ်မှာ
စကြ၀တေးမင်း
ပေါ်၊ မပေါ်။

ကိုယ့်အတွေးနဲ့ကိုယ်ပြုံးနေတဲ့
ထီလက်မှတ်များ ။

လူတိုင်းမှာ ကိုယ်ပိုင်ဒုက္ခတွေနဲ့
လျှို့ဝှက်ချက်တွေနဲ့။

ဖြစ်တာကိုက ပျက်ဖို့ပဲ
နိဗ္ဗိဒ သစ်ရွက်တွေ
တစ်ဖွဲဖွဲ
အတိတ်နဲ့ အနာဂတ်ကြား
ကျုံ့ဝင်သွားတဲ့ ပစ္စုပန်
အမှတ်တမဲ့
သြော်...............
လေးလံလှချည်ရဲ့ .... ...။

Saturday, July 12, 2008

တံခါးဖွင့်ပါ ……ဖွင့်ပေးပါ


တံခါးဖွင့်ပါ တောင်းဆိုလာကြ

ဧရာမလူထုကြီးပါတကား ………။

အလံတိုင်တွေကိုင် ရှေ့ကတိုင်လျက်

သံပြိုင်ဟစ်အော် ကြွေးကြော်သံတွေနဲ့

စာလုံးထွေကလာ ပိုစတာတွေနဲ့

ရင်ဘတ်မှာချိတ် တက်ကြွစိတ်ကြောင့်

တံဆိပ်အမျိုးမျိုး ရင်ထိုးတွေနဲ့

ခေါင်းစည်းအနီ လည်စည်းနီပြင်

လက်မောင်းမှာနီ ပုဝါနီနဲ့

လူ့သမိုင်းမှာ တုနှိုင်းမရ

တက်ကြွမျက်နှာ

ညီညာလက်ချိတ်

ရဲဘော်စိတ်တွေနဲ့

ဘုရားသွားကျောင်းသွားတက်

အေးချမ်းလက်ဖြင့်

ပြုံးမျက်နှာပေး နှလုံးအေးသည့်

မုန်းဆေးမပါ တို့မြန်မာ၏

မူရာပြောင်းလဲ

အံ့ဖွယ်သရဲပင် …..။

တစ်ခဲနက်ဟိန်း မိုးသို့ခြိမ်းလျှက်

စိမ်းလန်းတောတောင် မီးကြီးလောင်သို့

သန်းခေါင်ညများ တုန်လှုပ်သွားပြီ

တံခါးဖွင့်ပါ ……….ဖွင့်ပေးပါ ။

တင်မိုး

နွေဦးအရေးတော်ပုံ


နိုးထလာသောနွေဦး

ပုရစ်ဖူးသစ်များ တန်းစီလျက်

သရဖီဝင်းဝင်း

အင်ကြင်းနီနီ

ပန်းမျိုးစုံ စံရရီတို့

သိင်္ဂီအဆင်း မြအဆင်းနှင့်

နွေညီလာ ခင်းကျင်းလေပြီ …။

ရိုးတံတွေ ခြောက်သယောင်း

ရွက်ဟောင်းတွေ ကြွေကျ

ဖရိုဖရဲ မလှမပနဲ့

နွေအလှ အထီးကျန်

အကျည်းတန် ရာသီပေလော။

နွေမှာ ရုန်းရင်းဆန်ခတ်

တရစပ်ပင် မရပ်မနား

အသစ်နဲ့ အဟောင်းတိုက်ပွဲများ

ရွက်သစ်တွေ ဖူးဝင့်ပလို့ လူးလွန့်နိုးကြားလာသလော ….။

အော်သံအရိုင်း

မုန်တိုင်းသံမစဲ

နွေပြတင်းမှန်ရိုက်ခွဲ

သဲသဲရုတ်ရုတ်

အုတ်အုတ်ကျက်ကျက်

ဘယ်သူ့ဘက်က အသံပါလိမ့် ………..။

တခဲနက်အသံ

ဟိန်းဟိန်းညံလာပြီ။

နွေဦးငှက်နဲ့ အိပ်စက်ပျော်နေသူတို့

ထလော့ ……….တီးမှုတ်ကြလော့။

ရွက်ကြွေများ သန့်ရှင်းပြီ။

ဟင်းလင်းပြင် ကြည်လင်ပြီ။

နိုးထခြင်းနဲ့ အတူ

ဇမ္ဗူကျွန်းလုံး အကုန်

ခရာသံစုံ မှုတ်ကြလော့ ……….. …………။

တင်မိုး

မိုးမသောက်တဲ့နှစ်များ

မနိုးတစ်ဝက် နိုးတစ်ဝက်နဲ့
အိပ်မက်မက်နေတဲ့ကာလ
လျှောက်ချင်လှပေမယ့်
ဘယ်လမ်းကလျှောက်ရမှန်းမသိ။
မသိတစ်ဝက် သိတစ်ဝက်နဲ့
နေ့ရက်တွေပါး ၊
ဗိုက်ခေါက်သား ဂုတ်သားတွေတက်
အသက်အရွယ်သာ ကြီးလာရော
ဘယ်ခရီးမှ မပေါက်ရတဲ့ကာလ
ကာလဆိုတဲ့ ယူဇနာ
ဘူတာစဉ် ရထားဖြတ်သလို
အမှတ်မဲ့ ဖြတ်နေခဲ့ပြီ။
ကမ်းခြေ တလျှောက်
ပန်းအကြွေကောက်ရင်း
စမ်းရေသောက်ရတာလည်း မရှိမဟုတ်။
ဒါပေမယ့် မရှိတစ်ဘဝ
ရှိခဏမျှသာ
ကျေးတောကငါ
ငေးမောပြီး မြို့တက်လာ။
တို့ရက်တွေဟာ ရာဇာမဟုတ်တော့
ဇာတာအစုတ်နဲ့ ၀ါစာကမာလုပ်ပြီး
ဇရာတောအုပ်ထဲဝင်ရပြီ။
မဖြောင့်မတန်း
အမှောင်လမ်းတွေကလည်း
ငြှောင့်တန်းလန်း
ဆူးတန်းလန်းတွေနဲ့
ဖြတ်သန်းသူတွေ
ဒုက္ခတွေ ပင်လယ်ဝေစေခဲ့ပြီ။
ဘ၀အိပ်မက်
လျှပ်တပြက်
နတ်သက်မဟုတ်ပါဘူးကွယ်။
ငယ်ငယ်တုန်းက လီနင်နဲ့တွေ့ခဲ့တယ်
ကြီးလာတော့ လင်ကွန်းနဲ့တွေ့ချင်တယ်
ချောက်ကမ်းပါးမှာ ကြောက်အားပိုစရာ
အမှောင်ရိပ်ကြီးဟာ
ဒယီးဒယိုင် ထိုးကျနေတယ်။
မင်းလည်း အမှောင်ထဲမှာ
ငါလည်း အမှောင်ထဲမှာ
ယောင်ဆွဲသူဆွဲ
ချော်လဲသူလဲ
ပက်လက်လန်သူလန်
ရက်စက်ထန်သူထန်
အမှန်တွေ အမှားဖြစ်လိုဖြစ်
အချိုတွေ အခါးဖြစ်လိုဖြစ်နဲ့
စနစ်မညီမမျှ ခေတ်ဂီတတွေ
တီးမှုတ်နေရတယ်။
ဘ၀သံစဉ်မညီ အလှမာန်သွင်မပီတော့လို့
ဟာမိုနီတွေ ပျက်ကုန်ရပြီလေ။
တို့ဘ၀တွေဟာ
လိမ်ညာထားတဲ့ အစီရင်ခံစာတွေဖြစ်တယ်
“မှန်ပါ့ဘုရား” အသံသွင်းထားတဲ့
မုသာဝါဒ သတင်းကြိုးခွေဖြစ်တယ်။
ခေါက်ရိုးကျိုး တွန့်ကျေနုံ့နေတဲ့
အပေါ်ယံ ပင်နီတိုက်ပုံဖြစ်တယ်။
ထားရာနေ စေရာသွားတဲ့
လူကြီးမင်းများရဲ့ ဓာတ်ဘူးဖြစ်တယ်။
ကြည်နူးစရာ အသက်မရှိတဲ့
ပကတိ ရိုဘော့စက်ရုပ်
ခေါင်းညိတ်စက်ရုပ်မျှသာဖြစ်တယ်။
ဒီထက် ဘာကမှမပိုခဲ့ပါ
တို့ဟာ ကဗျာမဟုတ်
တို့ဟာ လူမဟုတ်
တကယ့် စက္ကူစုတ်။
တို့ဟာ ပညာကိုမကိုးကွယ်
အာဏာကို ကိုးကွယ်တယ်
အတတ်ကို မကိုးကွယ် သေနတ်ကို ကိုးကွယ်တယ်။
အဂတိတရား လေးပါး
ဖယ်ရှားရမယ့်အချက်ကို
ငါတို့ပွေ့ဖက်တယ်
အရှက်ကို အရေခွာပြီး
တစ်နေရာမှာ ချိတ်ထားလိုက်တယ်။
ဒီလိုနဲ့ ပိတောက်တွေလည်း
အသက်မပါပဲ
အခါခါ ပွင့်ခဲ့ပြီ။
လမင်းလည်း ခပ်ပျင်းပျင်းနဲ့
မလင်းချင် လင်းချင်
လင်းခဲ့တာ
ညများစွာ ရှိခဲ့ပါပြီ။
တို့အသက်များကို
မုသာဝါဒနဲ့ လဲစားနေခဲ့တာ
ဇရာထွင်းဖောက်
မရဏတွင်းတောင် ပေါက်ခဲ့ပြီမို့
မိုးမသောက်တဲ့ နှစ်များလို့
ကဗ္မည်းထိုးရမလားမသိ။
ချောင်းရေယာဉ်ကြောမှာ
လောင်းလှေလေး မျောသလိုပါပဲ
ဟောတစ်စင်း ဟောတစ်စင်းနဲ့
မျောခြင်းကြီး မျောခဲ့ပြီ
အုန်းညိုရိပ် လွမ်းစရာ
ကျွန်းသာယာကိုလည်းမတွေ့
ချမ်းမြဖြေစရာ
ပန်းအလှ ဗေဒါကို
မြင်ရုံသာမြင်လိုက်ရ
ခင်မင်တဲ့ အဆင့်လည်းမရောက်ခဲ့။
လှေမှောက်မလား
ရေကြောက်သလား
သေမလောက် စိတ်ဒဏ်ရာ
အနာတွေနဲ့ ချည်းပါပဲ
သက်ပြင်း ဟင်းခနဲချ
တမ်းတမိတဲ့ အတိတ်ဟာ
အရိပ်လိုခွာသွားခဲ့ပြီ
အတိတ်ရေးရေးဟာ
တစ်ဆိတ်ဝေး…………..ဝေးခဲ့ပြီလေ။
အနာဂတ် လူ့ဘောင်ဟာ
အခုလိုပဲ မှောင်နေဦးမလား
ယောင်တောင်တောင် ဖြစ်ရတဲ့
အမှောင်ခေတ်သက်တမ်း
မျက်ကန်း ဆင်စမ်းသလို
ထင်မှန်းကြည့်နေကြတယ်
ပန်းပုသစ်တွေနဲ့
ထုဆစ်ဖန်တီးကြည့်ကြတယ်
အလှဆုံးလက်ရာ
အလှဆုံးတေး
အမွှေးဆုံးပန်းတွေနဲ့
စိတ်ကူးလမ်းဖွင့်ကြတယ်။
အိပ်မက်နဲ့ ဖြစ်ရပ်
သဟဇာတဖြစ်ကောင်းပါရဲ့။
ညတခြား နေ့တခြား
တကယ်လို့ ကွဲပြားခဲ့ရင်
အမှားကြီးမှုဟာ ခါးသီးမှုဖြစ်နိုင်တယ်။
ဒါပေမယ့်
အိပ်မက်မပါတဲ့ ညဆိုတာ
ဘယ်မှာ ရှိနိုင်ပါ့မလဲကွယ်။
ဗုဒ္ဓရှင်တော်ရဲ့နောက်ဆုံးစကား
မင်းလည်းကြားမိမှာပါပဲ
“အပ္ပမာဒေန သမ္ပာာဒေထ”
မမေ့မလျော့ မပေါ့သောသတိနှင့်
ပြည့်စုံကြကုန်လော့တဲ့။
အရာရာကို သတိသမ္ပဇဉ်
ဥာဏ်နှင့်ယှဉ်ပြီးရှု
အနုလုံ ပဋိလုံသုံးသပ်
သတိပြတ်လို့ မဖြစ်ပေဘူး
သတိမလစ်မှ အရှိအဖြစ်ကို
မြင်နိုင်ပေမယ်။
ပန်းတွေက ဝေပါလျှက်
လမ်းတွေက မစွေစေနဲ့
မှုန်ပြေပြေ ဆည်းဆာညမှာ
အကျည်းတန် ကန့်လန့်ကာချပါလို့
မိုးသောက်ထ ရောင်နီအလာ
အောင်စည်သံသာ ကြိုရအောင်
နုပျိုတဲ့ ခွန်အားတွေနဲ့
“တရားသစ်တွေးလော့”့
“အမှားအညစ် ဆေးလော့”
“ဓားအသစ် သွေးလော့” ။
တင်မိုး

ခွပ်ဒေါင်းအားမာန်


ခွပ်ဒေါင်းအောင်လံ လေမှာပျံ

မြဲမြံကိုင်ဆုပ် နိုင်ငံလှုပ်

ညီညွတ်ဖို့က တို့အလုပ်။

ခွပ်ဒေါင်းအောင်လံ တို့နိုင်ငံ

မိုးယံသို့လွှင့် ရဲရဲရင့်

စည်းကမ်းရှိဖို့ တို့အကျင့်။

ခွပ်ဒေါင်းအောင်လံ လွှင့်ထူပြန်

တော်လှန်သတိ ရှေ့နောက်ကြည့်

စွန့်စားဖို့က တို့သတ္တိ။

တင်မိုး

အိမ်လည်ကြူးတဲ့သား


ကာရန်ချိုမြ သွေးစစွန်းနေတယ်။

တယောကြိုးလည်း တီးတိုးငိုကြွေးတယ်။

ဂစ်တာတစ်လက် အုတ်ခုံထက်မှာ

အသက်မရှိရှာတော့ဘူး။

အမေ့အိမ်နား ဒီညများမှာ

စစ်သားဖိနပ် တခွပ်ခွပ်နဲ့

ရပ်လို့စောင့်နေတယ်။

အိမ်လည်ကြူးတဲ့သား

မိုးစက်တွေကြားမှာ

ငှက်ဖျားများ မိနေရော့သလား။

အမေ့နားမှာ

သားခေါ်သံများ

တိုးတိုးကြားလျှင်

နားကိုလှည့်စား

ဒီညများ

ဘယ်သွားနေလဲ လူလေးရယ်။

သားတို့ကျောင်းက

ခွပ်ဒေါင်းလံလေး

ရေမြောင်းဘေးမှာ

သွေးတွေစွန်းလျှက်

ညနေဘက်က

ရပ်ကွက်ထဲက လူတွေတွေ့ခဲ့သတဲ့။

အမေ့သား

စကားတိုးတိုး ပြောလှည့်ပါ။

တင်မိုး

သမိုင်းစာမျက်နှာထက်ကဒဏ်ရာများ


သမိုင်းစာမျက်နှာမှာ

ရှက်စရာအထုပ်အပိုးတွေနဲ့

ဂုတ်ကျိုးအောင်ထမ်းခဲ့ရ

ဘယ်လမ်းကလျှောက်

ဘယ်တံခါးပေါက်ကိုဝင်ပြီး

ဘယ်ပလ္လင်ဘယ်လိုဆောက်ရပါ့

စိတ်ခြောက်ခြားနေခဲ့ပြီ။

အမှန်တရား အမှန်တရားနဲ့

အသံသာကြားရ

ဘယ်နားကမှန်း ငါမသိ

တုံးပိတဲ့ဖား

မြုံးမိတဲ့ ငါးပမာ

ရုန်းကြည့်တဲ့အားလည်း

နုန်းချိလို့သွားရော့ထင့်

တရားတွေပျောက်

အမှားတွေဖောက်သနဲ့

ကျားကြောက်လို့ ရှင်ကြီးကိုး

ရှင်ကြီးကျားထက်ဆိုးသည့်နှယ်

အမျိုးမျိုးကြုံ

အဆိုးမျိုးစုံခဲ့ပြီ

မနုဿဘုံပေမို့

ဒုက္ခစုံလေသလားကွယ်ရို့။

တစ်ယောက်နဲ့ အများ

တစ်ယောက်က ဓားနဲ့မိုး

အများက အရာမ၀င်တာ

အာဏာရှင်စနစ်ပဲ

ဒီအာဏာရှင်စနစ်ဆိုးကို

ငါမရှိခိုးနိုင်။

လက်နက်တကားကားနဲ့

ရက်စက်သလားမမေးနဲ့

တို့သွေးများချောင်းစီးလို့

မြောင်းကြီး မြောင်းငယ်ဖောက်ကြတယ်။

ကောက်ကျစ်ယုတ်မာတဲ့ နှလုံးယုတ်ကို

ထုံးသုတ်လို့ဖြူမတဲ့လား။

လိမ်လုံးညာလုံးတွေကို

ငါအင်မတန်မုန်းမိတယ်။

ငါအရှုံးမပေးနိုင်

စစ်အာဏာရှင် သေနတ်ကိုကြောက်လို့

ငါတို့လက်မြှောက်ရရင်

ဖောက်ပြန်သူတွေ အသက်ရှင်ပြီး

တို့နိုင်ငံ အသက်တိုလိမ့်မယ်။

ကမ္ဘာမြေပေါ်က ကွယ်ပျောက်ပြီး

တို့တတွေ ငရဲရောက်လိမ့်မယ်

အရူး ငပေါက်တွေကို

ဒူးမထောက်ကြနဲ့ဟေ့

ခွပ်ဒေါင်းအလံစွဲကိုင်ပြီး

ရဲရဲကြီးရှေ့တက်ရင်

သင်းတို့တစ်တွေ သွေးပျက်မယ်

ရှေ့တက်ကြဟေ့

တစ်လက်မမျှ နောက်မဆုတ်ကြနဲ့

အဓမ္မသမား

လူရမ်းကားတွေကို

လားလားမှ လက်မမြှောက်နဲ့။

လက်နက်နဲ့လူသား

လူသားက လက်နက်ကိုအရှုံးပွဲနဲ့

ဘုံးဘုံးလဲရရင်

သမိုင်းစာမျက်နှာမှာ

အရိုင်းဒဏ်ရာတွေ ပါရော့မယ်။

အမှန်ဟာ အင်အား

အချိုဟာ ဘယ်တော့မှမခါး

အမှန်ဟာ ဘယ်တော့မှမမှား

တရားသည်သာဓါး

ကိုယ့်အားကို ကိုယ်ယုံကြည်

ဒီမိုကရေစီ တံခါးဖွင့်ရင်း

တရားနှင့် စောင့်မယ်။

တင်မိုး

Tuesday, July 1, 2008

သာဓုခေါ်ပါ…အမေ….




ပြန်လည်မျှော်တွေး မှတ်မိသေးသည်

ကလေးဘ၀ ငယ်စဉ်ကပေါ့

သားလေး ကြီးလာ ဘာလုပ်မှာလဲ

ဒေါက်တာကြီးလား စစ်ဗိုလ်လားဟင်

အင်ဂျင်နီယာ ကျောင်းဆရာလား

ဒါမှမဟုတ် ဘုန်းကြီးလုပ်မလား

အမေ့သားတဲ့…?

သား…ကြီးရင်လေ

သင်္ကန်းကိုစီး စိတ်ပုတီနှင့်

ဘုန်ကြီးလုပ်မှာ ဖြေလိုက်ပါသော်

ပွေ့ ကာ ဖက်ယမ်း အမေ နမ်းကာ

လိမ္မာလိုက်တဲ့ အမေ့သား…တဲ့။

လောကီ ထုပ္ပတ် လူတို့ ဇတ်မှာ

ပညတ်သွားရာ ဓါတ်သတ်ပါခဲ့

မာတာမိခင် ရှင်ပြုစဉ်က

သွင်သွင် စီကျ မျက်ရည်စနဲ့ 

ငါ့သားကိုရင် ကြီးလာရင်လေ


အမေတဖန် ရဟန်းခံပြီး

ဗုဒ္ဓသာသနာ ဓွန့် ရှည်ကြာအောင်

ငါ့သား ဆောင်ရွက် လိုအပ်ချက်ကို

လှူဒါန်းနိုင်ရန် ရည်စိတ်သန်လျှက်

ကြိုးစားပျိုးနုတ် လယ်ယာလုပ်ရင်း

အမေ အားတင်းခဲ့တယ်နော်

မကောင်းမြစ်တာ ကောင်းရာညွှန်လတ်

အတတ်သင်စေ ဆိုရိုးတွေနှင့်

မွေးမေ မျှော်တွေး မြို့ပို့ ပေးကာ

ပညာသင်ကြားစေခဲ့တယ်

မူ၊ငယ်၊လတ်၊ ကြီး အောင်မြင်ပြီး

ဗုဒ္ဓခေါ်ဆို ဤ တက္ကသိုလ်၌

မြတ်စွာ နုတ်ခပါဌ် ပဋိယတ်ကို

သင်ယူလေ့လာ ဤအခါဝယ်….

ငါ့အား ရည်မျှော် မွေးမယ်တော်သည်

လွန်ဆန်မရ မရဏကြောင့်

ခန္ဓာ ဇာတ်သိမ်း ချုပ်ငြိမ်းရပြီ…တကား


အော်….မာတာမိခင် ဖြစ်စေချင်သည့် တသွင် ကူးလမ်း သားရဟန်း၏

ဘ၀ရှေ့ပြေး ဤအရေးကို ကြည်ညို ဆပွား မြင်မသွားရှာ….

သားပြုသမျှ ကုသလကို ဤစာပြုစု အစုစု နှင့်

အမျှဝေကာ ပေးပို့ ပါသည် ရောက်ရာဘ၀ ဘုံဌာနမှ

သာဓုခေါ်ပါ မွေးမိခင်


ဦးမန်