Monday, August 25, 2008

ကျောင်းဖွင့်ချိန်

(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းထဲမှာ
ဟစ်တလာ့ရုပ်ထုကို
လူတစ်စုထုဆစ်နေကြတယ်
သူတို့ဟာ ……
ရုပ်ထုရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
မျက်ရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူရော်ရော်တွေ သွန်းကြဲပက်ချ
ဟစ်တလာ့ပါးစပ်ထဲက
ကျည်ဆန်တစ်တောင့် အန်ထွက်ကျလာတယ်
သူတို့ဟာ ……
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆန်နဲ့
“ကျောင်းဖွင့်ပြီ“ ဆိုတဲ့စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။
(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တစ်ခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်
ပြန်ငယ်ရွယ်သွားတယ်
အရင်က မမြင်ရတဲ့ ဟိုတုန်းကအရိပ်တွေ
နံရံတွေ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ အောင်ဆန်းတို့….. ကျော်ငြိမ်းတို့
သိန်းဖေတို့…..ညိုမြတို့ရဲ့ဝိညာဉ်တွေပဲ
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်
ခု …… သူတို့ရဲ့ဝိညာဉ်ရိပ်တွေဟာ
“ကမ္ဘာမကျေဘူး
ငါတို့သွေးနဲ့ ရေးထိုးခဲ့တဲ့မော်ကွန်းတေး “
သီချင်းလေးကို နားဆင်ရင်း
ရာဇ၀င်ရဲ့တစ်ကျော့ပြန်စိန်ခေါ်ပွဲကို
မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။

(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဖက်ခေတ် ၁၉၈၇-၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ်
တချို့ဖတ်တာ…… ကဗျာစာအုပ်
တချို့ဖတ်တာ…….ကျောင်းစာအုပ်
တချို့ဖတ်တာ…….သမိုင်းစာအုပ်
တချို့ဖတ်တာ…….နိုင်ငံရေးစာအုပ်
ရုတ်တရက် ……..
အဖြူရိပ်တစ်ခုဟာ ထိုင်ရာကထ
“ဗမာပြည်ကို ကယ်တင်ရတော့မယ်“
နောက်ထပ်အဖြူရိပ်တစ်ခု စာအုပ်ပိတ်
“ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိပ်တုံးချွတ်ပေးရမယ်“
သူတို့ဟာ …….. တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိတ်လွယ်သံများ
ဖိနပ်စီးသံများ အဆုံးမှာ
နောက် အဖြူရိပ်တစ်ခုထပ်ထွက်
နောက်ထပ် အဖြူရိပ်တစ်ခုထပ်ထွက်
………နောက်ထပ်………
……………နောက်ထပ်…………..။

(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတစ်ခုမှာ
အရိုးစုတစ်အုပ် အစည်းအဝေးလုပ်နေတယ်
အရိုးစုတစ်ခုက
ထိုင်ရာမှ ဖြည်းညင်းစွာထ
“ကျွန်တော်တို့တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ…….“
စသည်ဖြင့် ပြောကြား
အားလုံး ငြိမ်သက်နားထောင်နေကြတယ်
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခတ်
ပက်ကြားအက်နေတဲ့ ရန်သူ့မျက်နှာတွေ
အဲဒီမှာ အရိုးစုတစ်ခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးဖွဖွလေးပြော
“တောကအဖေနဲ့အမေတော့
ကျွန်တော့်ကို မျှော်နေကြတော့မယ်ဗျာ“
ကြေကွဲစွာ …….သူ့မျက်လုံးပေါက်ထဲက
မျက်ရည်ဖြူတစ်စက်…
စီးသက်ကျလာတယ်။

(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရ၀ုဏ် အ၀င်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းမောင်းနှင်နေကြတယ်
အဲဒီကားကြီးတွေထဲမှာ
“ကမ္ဘာမကျေ၊ ဗမာပြည်၊ ဒါတို့ပြည်၊
ဒါတို့မြေ၊တို့ပိုင်တဲ့မြေ………..“
ဆိုတဲ့တေးသံသာဟာ
ညီညာစွာ ပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ။
အချုပ်ကားပြာပြာကြီးတွေရဲ့ထိပ်မှာ
သူတို့ရဲ့တံဆိပ်၊ သူတို့ရဲ့အလံ
ဦးခေါင်းခွံမှာ
အရိုးနှစ်ချောင်းကန့်လန့်ဖြတ်ထားတဲ့
သဏ္ဍာန်သာဖြစ်တယ်
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်ပြေးလိုက်
ခလုပ်တိုက်ပြီးလဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား
“သားရေ……
အမေ လိုက်ရှာနေတယ်လေ……..သားရေ“
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇ၀င်တုန်ခါအောင်
မြည်ဟီးလာခဲ့တယ်။

(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီးလမ်းငယ်များမှာ
ဒေါင်းအလံ တလူလူလွှင့်ထူလို့
ကျောင်းသားတွေချီလာပါပြီ။
ရင်တအုံလုံးပွင့်ထွက်နေတဲ့ကျောင်းသားက
ရှေ့ဆုံးကအလံကိုင်ပြီး
သွေးတပွက်ပွက်အန်ထွက်နေတဲ့ ကျောင်းသားတွေက
နောက်ကချီတက်လိုက်ပါလာတယ်
“ဒီမိုကရေစီရရှိရေး……… ဒို့အရေး
အာဏာရှင်စနစ်ကျဆုံးရေး……… ဒို့အရေး“ တဲ့
ကိုယ့်ကိုယ်ကို တစ်ခါတည်းအသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲ့ ငါတို့ရဲ့တော်လှန်ရေး
ဘယ်တော့မှအရှုံးမပေးဘူး……ဟေ့
“သေနတ်သံတစ်ချက်ဖောက်ရင်
ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ်“
နောက်ဆုံးနေ့အထိ……
နောက်ဆုံးနေ့အထိ……………..။

(၇)
ငိုက်မျည်းနေတဲ့ အင်းလျားရေပြင်ဟာ
ရုတ်တရက် ရဲရဲနီစွေးသွားတယ်
ချက်ချင်းပဲ ရေငွေ့တွေပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ်မိုးစက်ခို
ကျောင်းတော်ကြီးကို သွေးမိုးတွေပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေခြိမ်း
ဒိန်းဒုံးဆူညံသွားတယ်
အဲဒီအခါ……..ကျောင်းတော်မှာ
ပန်းတွေဖျတ်ကနဲပွင့်ကြ
ငှက်ဆိုးတွေဝေါကနဲထပျံကြ
သစ်ရွက်တွေ တစ်လက်လက်တောက်ပကြ
ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေတုန်ခါတော်လဲကြ
“တို့အရေး……..တို့အရေး……….တို့အရေး…………တို့အရေး“
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီးတ၀ုန်းဝုန်းရုန်းကန်
နိုးထပြီးနောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ရဲ့ကျောင်းတော်ကြီးဟာ
တလဲ့လဲ့တ၀င်းဝင်း
သွေးနီရောင်တောက်ပကာ
အာဇာနည်သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ်………။

(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု……သွေးပင်လယ်ကြီးခြားနေပါပြီ
“ကျောင်းဖွင့်ပြီ“ ဆိုတဲ့အာဏာရှင်တွေဟာ
သွေးတံတားကြီးကိုကျော်နင်း
ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ်
အဲဒီထဲကတချို့ဟာ
“အကြောင်းကြောင်းကြောင့်ပါလို့“
စိတ်မကောင်းစွာပြောရင်း
ထုံးတံတားကိုလျှောက်နင်း
ကျောင်းခန်းတွင်း ၀တ္တရားအရထိုင်
ငါတို့ ……..နားလည်ခွင့်လွှတ်နိုင်ပါတယ်။
တချို့ကတော့……..
“ဂုဏ်တုဂုဏ်ပြိုင်“ ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ပန်းခင်းကိုဖြတ်
ရည်းစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်
အဲဒီလို…….လူစားတွေကိုတော့
ငါတို့က……ခွင့်လွှတ်သည့်တိုင်အောင်
ရာဇ၀င်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ……..သမိုင်းမှာ
“သစ္စာဖောက်“ များသာဖြစ်တယ်။

(၉)
ကျောင်းသားနဲ့ကျောင်း
တစ်နေ့တော့ပေါင်းရမှာပဲ….
ငါတို့တွေ သွေးပင်လယ်ကိုဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ်ဆူပွက်
ထက်ကောင်းကင်မုန်တိုင်းတို့အစပျိုး
သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်
ငါတို့တွေ လှည့်မပြန်ဘူး
ငါတို့ထဲက တချို့ဟာ
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့ထဲက တချို့ဟာ
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ်ခင်းရိုက်
ငါတို့ထဲက တချို့ဟာ
ကိုယ့်လက်ဖ၀ါးကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မုန်တိုင်းကိုခွဲဝင်
သွေးပင်လယ်ကိုဖြတ်စီး
ကျောင်းကြီးဆီသွားဖို့ လုပ်နေတယ်။
(၁၀)
နောက်ဆုံးမှာ
ဒေါင်းအလံကို……ဗြောင်းဆန်အောင်လွှင့်ထူရင်း
အမှန်တရားတစ်ခုထံ
ငါတို့သစ္စာ အဓိဌာန်ပြု
အို……သူရဲကောင်းတို့
အို……..ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း……သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာကျဆုံးခဲ့သော…..
သင်တို့၏ ၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ ရှေ့နောက်ဝဲယာ
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏ ။
ထိုသော…..
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာငါတို့အား ဖြစ်တည်စေတော့၏ ။
အို……သူရဲကောင်းတို့
အို……..ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း……သူရဲကောင်းတို့
ဗမာပြည်ကိုရှိခိုးကာ
ဤ……သွေးပင်လယ်အား ငါတို့ဖြတ်ကူးအံ့။
မိုးလုံးပြည့်ကောင်းချီးသြဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံအောင်မြင်ပါစေသတည်း……။ ။

ရွှေဘုန်းလူ

No comments: