နှုတ်ဆက်ခဲ့ပါတယ် မြတ်နိုးလှစွာသောအမိနိုင်ငံ
သင်ကား … နေ၏ချစ်မြေ အရှေ့ပင်လယ်ဗွေ၏ပုလဲအမြုတေ
တို့တတွေရဲ့ ပျောက်ဆုံးနေသော သုခဘုံပါတကား ….။
သင့်အတွက် ခံခက်နာကျင်ခြင်းနှင့်အတူ
ချုပ်ငြိမ်းပျောက်ကွယ်တော့မယ့် ငါ့ဘ၀ကို
ဝမ်းမြောက်ကြည်ဖြူ ပေးလှူခဲ့ပါတယ်
အကယ်၍များ ငါ့ဘ၀ကို ပိုမိုထွန်းတောက်
ပိုမိုလန်းဆန်းပြီး အလှဖြိုးဝေ စိုပြေကြွယ်ဝနေစေဦး
အမိနိုင်ငံကောင်းစားရေးအတွက် ငါ့အသက်ကို
မငဲ့မကွက် ပေးဆပ်နေဦးမည်သာတည်း။
ပြည်ချစ်သားတွေ စစ်မြေပြင်မှာ ကြည်ရွှင်ပျော်ပိုက်
တိုက်ပွဲဆင့်ဆင့်ရင်ဆိုင်လျက်
ကိုယ်ကျိုးမဖက် အသက်ကိုစွန့် မတွန့်မဆုတ်နွှဲကြတယ်။
ကြိုးစင်မှာလည်း သေရဲတယ် ၊ ဘယ်လိုသေသေ မမှုစတမ်း
နှင်းဆီလည်းပန်း ၊ စပယ်လည်းပန်း ၊ သပြေလည်းပန်း
ပန်းခြင်းအတူတူပင်
နိုင်ငံအတွက် ကိုယ့်အိမ်အတွက် သင့်အသက်ကို
တောင်းဆိုလာလျင် နှင်းဆက်ကြရမည်သာတည်း။
မကြာမီ ငါသေရတော့မယ်
ကောင်းကင်မှာ နေ့အသွင်ကူးတော့မယ်လို့ နီရောင်အပျို့ကို
ငါ့အလောင်းထုပ်တဲ့ ပိတ်အဖြူတစ်စ မှောင်ပျပျထဲက
ငါမြင်လိုက်တော့
အရုဏ်ဦးရဲ့အလှ ပြည့်ဝဖြိုးဝေအောင်
အရောင်တင် ဆေးဆိုးကြမယ်ဆို
လိုအပ်တဲ့အချိန်ကိုရွေးပြီး ငါ့သွေးနဲ့သာ
ဖျန်းပက်ခြယ်သလိုက်စမ်းပါ။
မိုးသောက်ရောင်ခြည် နီစွေးစွေးမှာ
သင်ပိုပြီးလှ ပိုပြီးကြွလာပေလိမ့်ဦးမယ်။
ကလေးဘ၀အိပ်မက်ထဲမှာ ၊ လူငယ်ဘ၀အိပ်မက်ထဲမှာ
တက်ကြွအားရစွာ မျှော်လင့်တောင့်တခဲ့တဲ့
နေ့အလင်းရောင်ကို ….
သင့်မျက်ဝန်းမှာ မျက်ရည်ကင်းစင်လို့
သင့်ဦးခေါင်းကို မာန်တင်းမော့ထားနိုင်ပြီး
ပါးရေနားရေ မတွန့်သေးတဲ့ သင့်ရုပ်လွှာ
ရှက်သွေးရဲရဲ မဖြာတဲ့တစ်နေ့ဝယ်
အို .. အရှေ့ပင်လယ်ရဲ့ ကျောက်ကောင်းလေးတစ်ပွင့်ရယ်။
ငါ့ရင်ထဲမှာ ဝေဆာဖူးပွင့်နေတဲ့
မျှော်လင့်ချက် အိပ်မက်ကမ္ဘာလေးရယ်
သင့်ကိုခွဲခွာသွားတော့မယ့် ငါ့ဝိဥာဉ်က
အလေးပြုခဲ့ပါတယ်။
သင်ရှင်သန်ထမြောက်နိုင်ကြောင်း
ငါလဲလျောင်းပေးသမို့
ဝမ်းမြောက်ဂုဏ်ယူ အလေးပြုခဲ့ပါတယ်
သင်ရှင်သန်ဖို့ ငါသေဆုံးမယ်
သင်ပိုင်စိုးတဲ့မိုးပြာအောက်မှာ ငါသေဆုံးမယ်
လှပကြည်မွေ့ ချမ်းမြေ့သာယာ သင့်မြေကမ္ဗလာမှာ
ထာဝရ ငါမှေးမှိတ်လိုက်တော့မယ်။
မြမြစိမ်းတွေအလယ်က လှပန်းတစ်ပွင့်
ငွါးငွါးစွင့်စွင့် မြူးဝင့်လာတာ
ငါ့ဂူထက်မှာ သင်တစ်နေ့တွေ့လာရမယ်
ငါ့ဝိဥာဉ်လှမွှေးပန်းကို သင့်နှုတ်ခမ်းနဲ့
ဖိကပ်နမ်းရှုပ်လိုက်စမ်းပါ
သင့်နှာဝကို လေပြေနွေးနဲ့ လွမ်းမောဖွယ် သင့်အဆွေးကို
အေးမြမြအုတ်ဂူထဲက ငါ့နဖူးပြင်မှာ ခံစားထိတွေ့ရလိမ့်မယ်။
ချမ်းမြမြကြည်စင်စင် ဖိုးလသခင်ရဲ့ အလင်းရောင်
ငါ့ကိုယ်ပေါ်မှာ ၀င်းပစမ်းပါစေ
အဟုန်ပြင်းစွာ တောင်ပံရိုက်ခတ်လာတတ်တဲ့
အရုဏ်ဦးနေရောင်ခြည် ငါ့ကိုယ်ပေါ်မှာထွန်းပစမ်းပါစေ
တီးတိုးစကားနဲ့ ပြေးလွှားလာတဲ့ ကိုလေပြင်း
ငါ့အပါးမှာ ညည်းတွားအော်ဟစ်နေစမ်းပါစေ
အကယ်၍များ လေဟုန်စုန်ဆန် ၀ဲပျံလာတဲ့
ငှက်တစ်ကောင်သာ ငါ့ဂူပေါ်ကလက်ဝါးကပ်တိုင်မှာ
သက်နားခဲ့မယ် ဆိုပါလျှင်
အေးမြစိမ့်စမ်း စ်တ်ငြိမ်းချမ်းလှတဲ့ ဓမ္မတေးတစ်ပုဒ်ကို
သီကျူးမြည်ကြွေးစမ်းပါစေ။
ပူနွေးနွေးနေရောင်ခြည်က မိုးရေစက်ရဲ့
အငွေ့အသက်ကို စုပ်ယူပြီး
သန့်ရှင်းကြည်စင် ကောင်းကင်ဘုံသို့ပြန်ပို့တယ်။
ငါလည်းမခွဲမခွှာ လိုက်ပါရစေကြောင်း တောင်းပန်တိုးလျှိုးမိပါရဲ့။
အချိန်မတိုင်ခင် ခွဲခွာခဲ့ရတဲ့ငါ့အတွက်
ငါ့သူငယ်ချင်းတစ်ယောက် ငိုကြွေးရှိုက်ငင်နေပါစေ
ည၀တ်ပြုပွဲတွေမှာ တစ်စုံတစ်ယောက်ကများ ငါ့အတွက်
ဝတ်တက်ဆုတောင်း ကောင်းမှုပြုမယ်ဆိုပါလျှင်
အို…. အမိနိုင်ငံ ဘုရားသခင်ရဲ့ ရင်ခွင်တော်မှာ
နားစက်ပါရစေကြောင်း ဆုတောင်းသမှုပြုပေးပါလို့
အို….အမိနိုင်ငံရယ်
ဆုတောင်းသမှုပြုလိုက်စမ်းပါ။
ကံဆိုးကြမ္မာဆိုးနဲ့ ကျဆုံးခဲ့ကြ သားလှအားလုံးအတွက်
ဆိုးရွားယုတ်မာ ဝေဒနာဖိစီး နာကျည်းခံရသူများအတွက်
မျက်ရည်ယိုစီး ရှိုက်ကြီးတငင် သောက၀င်ကြရတဲ့
သားကောင်းမိခင်များအတွက်
နှိပ်စက်မှုအပေါင်းကို ခေါင်းမော့ရင်ကော့ခံခဲ့သူတွေ
မုဆိုးမတွေနဲ့ ဖအေမဲ့သားသမီးတွေအတွက်
နောက်ပြီး
သင့်အတွက် သမိုင်းကြွေးကို ပြတ်ပြတ်သတ်သတ်
ပေးဆပ်နိုင်ပါစေလို့ ….။
သုဿန်တစပြင်လုံး ညအမှောင်ထု လွှမ်းခြုံနေတုန်းမှာ
သက်မဲ့တစ်တွေကို သက်မဲ့တစ်တွေချည်း
စောင့်ကြည့်ကျန်ရစ်ကြတယ်
ငြိမ်းချန်းလှတဲ့ သူတို့ကို လျှို့ဝှက်လှတဲ့သူတို့ကို
နှောက်ယှက်ခြင်းအမှု မပြုစေလိုပါ
အကယ်၍များ ဗျတ်စောင်းသံသာ ကြားရရင်
(သို့တည်းမဟုတ်)
ဓမ္မတေးကဗျာ ကြားရရင်
ချစ်လှစွာသော အမိနိုင်ငံ ဒီတေးသံကို
သီကျူးနေသူကတော့ ငါ
သင့်အတွက် သီကျူးနေတဲ့ ငါပါပဲ။
ငါ့မြေပုံကို လူတွေရှိသရွေ့မေ့ကြလျော့ကြ အချိန်ကြာပြီး
လက်ဝါးကပ်တိုင်ရယ် မြေပုံအမှတ်ရယ် ပျောက်ကွယ်ခဲ့ပြီ
ဆိုပါလျှင် ဒီမြေပေါ်တွင် မျိုးကြဲပက်
ထွန်ယက်စိုက်ပျိုးပါစေတော့
အကျိုးမဲ့ဖြစ်မယ့် ပုတ်အဲ့ကြွင်းကျန် ငါ့ခန္ဓာကို
ယာရှင်ရဲ့ပေါက်ပြားနဲ့ တူးဆွရောမွှေ သီးနှံပင်တွေ
ရှင်သန်ထွားကြိုင်းပါစေတော့ …….။
အချိန်တန်လို့ မေ့ပင်အောက်မှာ ငါလျောင်းနေလည်း
အကြောင်းမဟုတ်ပါချေ
သင့်ရဲ့ပတ်ဝန်းကျင် သင့်ကွင်းပြင်နဲ့
လမ်းမြှောင်ကွေ့ကောက်တွေထဲ
ကျယ်လောင်ပီသ ကြည်မြတဲ့ငါ့ခေါ်သံကို
သင်ကြားရပေလိမ့်မယ်။
ငါ့တေးသံ ငါ့ဗျာပါဒရဲ့ အရောင်၊အလင်း၊ရနံ့နဲ့
စကားလုံးများဟာ
ငါ့ယုံကြည်ချက်ရဲ့ အနှစ်သာရကို ထာဝစဉ်
ပဲ့တင်ဟီးနေစေလိမ့်မယ်။
နာကျဉ်မှုအပေါင်း ထောင်သောင်းထဲက
ငါ့ရဲ့နာကျဉ်မှုတစ်ရပ်ဖြစ်တဲ့
မြတ်နိုးလှစွာသော အမိမြေ
ချစ်လှစွာသော ဖိလစ်ပိုင်
ငါ့ရဲ့နောက်ဆုံး နှုတ်ဆက်ခြင်းကို နားဆင်ပါလေလော့။
ငါ့ကိုယ်နှင့် ငါပိုင်သမျှ ငါ့မိဘတွေ ငါ့ချစ်သူတွေ
သင့်အတွက် နှင်းဆက်ပေးအပ်ခဲ့ပါတယ်
ငါ့ခရီးစဉ်အတိုင်း ကျွန်တွေကင်းတဲ့ ပါးကွက်သားတွေကင်းတဲ့
ဖိနှိပ်သူတွေ ကင်းတဲ့နေရာ
ယုံကြည်ချက်တွေကို ပြက်ရယ်ပြုခြင်းကင်းတဲ့
ဘုရားသခင်အုပ်စိုးတော်မူတဲ့ ကမ္ဘာဆီကို သွားတော့မယ်။
နှုတ်ဆက်ခဲ့ပါတယ်
ငါ့ဝိဥာဉ်ထဲက ဖေဖေ-မေမေ အိမ်သားတွေ
ပျက်သုဉ်းခဲ့တဲ့ ငါ့အိမ်မှာ ကစားအတူတကွ
ငယ်ဘ၀က သူငယ်ချင်းတွေ
ဖိနှိပ်ခံရက်များအဆုံး နိဂုံးချုပ်တစ်ခန်းပြောင်း
မှေးစက်လဲလျောင်းခွင့် ရခဲ့ပြီဖြစ်တဲ့အတွက်
ကျေးဇူးတင်စကား ပြောကြားလိုက်ပါလေ
နှုတ်ဆက်ခဲ့ပါတယ်
ငါ့ကမ္ဘာ
ငါ့ဘဝ
ငါ့အဖော်မွန်ဖြစ်တဲ့ ချစ်စရာဧည့်သည်မလေးရေ
နှုတ်ဆက်ခဲ့ပါတယ် သူငယ်ချင်း မင်းဘယ်သူပင်ဖြစ်ပါစေ
သေဆုံးရခြင်း အနားယူခြင်း
တကယ်တော့ အတူတူပါပဲလေ …. ……. ……….။
ဒေါက်တာရီဇော်
--------------------------------------------------------------------------------
Subscribe to:
Post Comments (Atom)
No comments:
Post a Comment