အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာမင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာတည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် …
အကယ်၍
အားလုံးကမင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကိုနားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင် …
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်ပြီး
အဲဒီအတွက်လည်း မမောမပမ်းနေနိုင်မယ်ဆိုရင် …
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့မတုံ့ပြန်ဘူးဆိုရင် …
ဒါမှမဟုတ်
မင်းကိုလူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်းအမုန်းတွေ ပြန်မပွားဘူးဆိုရင် …
အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ်မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် …
ပြီးတော့ အတွေးခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာမဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင် …
အကယ်၍
အောင်မြင်မှု၊ သုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသောလောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် …
အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာတည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် …
အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တစ်ကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာအရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် …
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် …
ပြီးတော့ ..
အစကနေပြန်စနိုင်မယ်ဆိုရင်
ပြီးတော့တစ်ခါ…
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် …
အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိဆက်ကြိုးစားနိုင်မယ်ဆိုရင် …
အဲဒီလိုပဲ
မင်းမှာစိတ်အင်အားကလွဲလို့ ဘာဆိုဘာမှမရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင်…
အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် …
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်မာနသွေး မကြွဘူးဆိုရင် …
အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကိုနာကျည်းအောင်မလုပ်နိုင်စေရင် …
အကယ်၍
လူတိုင်းကိုတန်ဖိုးထားလေးစားပေမယ့်
စွဲလန်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင် …
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့တစ်မိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်အသုံးချနိုင်မယ်ဆိုရင် …
ငါ့သားရေ …
မင်းဟာ… အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကိုဆုပ်ကိုင်လို့
အရာရာဘာမဆို မင်းစွမ်းနိုင်ပြီပေါ့…။
အဲဒီတော့မင်းဟာလည်း ယောက်ျားကောင်းတစ်ယောက်ပဲပေါ့ … …။
၁၉၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ဟာ NLD လူငယ်တွေကိုအမှာစကားပြောကြားရင်းနဲ့ ဒီကဗျာကိုပြန်ဆိုပြခဲ့ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment